စစ်ရေးတင်းမာနေသည့် တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းကနေ မကြာခဏဗုံးကြဲနေ၍ ဒေသခံများကျေးရွာများကို စွန့်ခွာထွက်ပြေးနေကြရ

စစ်ရေးတင်းမာနေသည့် တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းကနေ မကြာခဏဗုံးကြဲနေ၍ ဒေသခံများကျေးရွာများကို စွန့်ခွာထွက်ပြေးနေကြရ

စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲနေ၍ ဒေသခံကျေးရွာသားများသည် နေအိမ်များကို စွန့်ခွာထွက်နေကြရကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူရွာကို စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သဖြင့် အနီးအနားရှိကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု  တောင်ကုတ်ဒေသခံ  တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" မနေ့က ညနေက ခေါင်းလောင်းတူရွာဘက်ကိုလာကြဲတယ်။ လူအထိအခိုက်တော့ မသိရဘူး။ အပျက်အစီးတော့ရှိတယ်။ ဒီလို အခြေအနေတွေကြောင့် ခေါင်းလောင်းတူရွာရော၊  ပုတင်းကျေးရွာ၊ ကုလားရောင်ရွာကျေးရွာအနီးအနားတွင်လည်း ကျည်စတွေ ကျရောက်  ခဲ့တယ်လို့ သိရတယ်။ နောက်ထပ် ဗုံးလာကြဲမှာကြောက်ပြီး ရွာသားတွေ ထွက်ပြေး နေကြရတယ်” ဟု ပြောသည်။

ခေါင်းလောင်းတူကျေးရွာအပါအဝင် အနီးအနားရှိ ရွာများ အနီးဝန်းကျင်တွင်လည်း  ဗုံးများကျရောက် ပေါက်ကွဲခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး  အထိအခိုက်အပျက်အစီးများ ရှိ/မရှိ ကို မသိရသေးပါ။

"စစ်ရေးအခြေအနေတင်းမာနေတော့ တောင်ကုတ်မြို့ပတ်ဝန်းကျင်က ရွာတွေကို အေအေ ရှိတယ် ဆိုတဲ့ သံသယနဲ့ ပြည်သူ‌နေတဲ့ ရပ်ရွာတွေကိုအကြောင်းပြပြီး တမင်ရည်ရွယ်ပြီး လေကြောင်းက‌နေ ဗုံးကြဲနေတာ"ဟု ၎င်းက ဆက်ပြောသည်။

ဩဂုတ်လ ၂၉ ရက်၊ မနက်တွင်လည်း  တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာနှင့် တပျော့ကျေးရွာကြား ရွှေပန်းတောကျေးရွာ သွားလမ်းတွင် ရှိသော တောင်တန်းတချို့ကို  စစ်ကောင်စီဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တရဂူကျေးရွာသည် ခမရ (၅၄၄)၊ ခမရ (၃၄၆)၊ စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅)တို့နှင့် သုံးမိုင်ကျော်သာကွာဝေးကြောင်း သိရသည်။

အလားတူ ဩဂုတ်လ  ၂၂ ရက်ကလည်း မအီ- တောင်ကုတ်လမ်းပိုင်း မြို့နှင့် နီးစပ်သည့် ကျေးရွာများအနီး စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲတိုက်ခိုက်ခဲ့၍ မီးချောင်းထိုးကျေးရွာမှ အသက်(၂၇)နှစ် အရွယ် မခင်ယုနန္ဒာထွန်းမှာ ပွဲချင်းပြီးသေဆုံးကာ နေအိမ်သုံးလုံးဗုံးထိမှန် ပျက်စီးခဲ့သည်။

တောင်ကုတ်မြို့ကို ထိုးစစ်ဆင်သွားမည်ဟု ဩဂုတ် ၁ ရက်က အာရက္ခတပ်တော် (AA)က ကြေညာထားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် တောင်ကုတ်တွင် စစ်ရေး အခိုင်အမာ ပြင်ဆင်လျက်ရှိလျက် ရှိပြီး တောင်ကုတ်မြို့ အနီးအနားရှိ တောင်တန်းများ၊ ကျေးရွာများအား စစ်လေယာဉ်များဖြင့် မကြာခဏ ဗုံးများကြဲလျက်ရှိသည်။

ယင်းအပြင် တောင်ကုတ်မြို့ပေါ် တပ်ရင်းများကလည်း လက်နက်ကြီးများပစ်ခတ်ခြင်း၊ ပြည်သူများ အသွားအလာများကို တင်းကျပ် ပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...