စည်းကမ်းကိုက်ညီမှုရှိမရှိ တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းများကို အာဏာပိုင်များ စစ်ဆေး

စည်းကမ်းကိုက်ညီမှုရှိမရှိ တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းများကို အာဏာပိုင်များ စစ်ဆေး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ ပညာရေးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိမရှိကို ထိုင်းအာဏာပိုင်တို့က ဝင်ရောက် စစ်ဆေးမှုများ လတ်တလောလုပ်ဆောင်နေသည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပညာရေး ကော်မတီ-BMWEC ဥက္ကဋ္ဌ နော်ဆာအယ်စေးဖိုးက ပြောသည်။

တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မယ်ရမတ်နှင့် ဖုတ်ဖရတ်မြို့နယ်ရှိ မြန်မာ ရွှေ့ပြောင်းစာသင် ကျောင်းများကို စက်တင်ဘာလဒုတိယအပတ်မှစတင်၍ ကျောင်း၏ သတ်မှတ်ထားချက်နှင့် ကျောင်း သားဦးရေ စာရင်းများကို ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်နေခြင်းဖြစ်သည်ဟု BMWEC အဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ နော်ဆာအယ်စေးဖိုး က ယခုလို ပြောသည်။

“သူတို့ဆီမှာရှိတဲ့ ကျောင်းသားဦးရေစာရင်းနဲ့ လက်ရှိ မြေပြင်မှာရှိတဲ့ ကျောင်းသားဦးရေးစာရင်း ကိုက်ညီ တာရှိလား။ ပြီးတော့ ကျောင်းတွေက နိုင်ငံရေးနဲ့ ဒွန်တွဲတာတွေရှိလား၊ နောက်ပြီး ထိုင်းဘုရင်မင်းမြတ် ပုံတွေ၊ အလံတော်တွေရှိမရှိ အဲဒါတွေ ကြည့်သွားတာပေါ့။ ကျမတို့ သိရသလောက်တော့ ကျောင်းတွေကို စစ်ဆေးဖို့ အထက်က ညွှန်ကြားထားတာဖြစ်တယ်။ အဓိက မြို့နယ်တာဝန်ရှိသူတွေပဲ လာစစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဝင်ရောက်စစ်ဆေးသည့်အဖွဲ့သည် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန(တောမော)အပါအဝင် စုပေါင်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးခြင်းဖြစ်ပြီး ပညာရေးသီးသန့်လုပ်ဆောင်ခြင်း ဟုတ်မဟုတ် ဝင်ရောက်စစ်ဆေးခြင်းသာဖြစ်၍ စိုးရိမ်စရာမရှိသည့်အတွက် ကျောင်းများကို ပုံမှန်ဖွင့်လှစ်ပေးပြီး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် လိုအပ်သည်ဟု BMWEC က တိုက်တွန်းထားသည်။

ထိုသို့ ဝင်ရောက်စစ်ဆေးချိန်တွင် ကျောင်းအုပ်ကြီးကိုင်ဆောင်ထားသည့် နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းနှင့် ကျောင်းသားဦးရေစာရင်းများကိုသာ ယူဆောင်သွားခြင်းသာဖြစ်ပြီး အခြား သတိပေး ပြောဆိုမှုများမရှိကြောင်း မဲဆောက်မြို့ရှိ ခွဲကဘောင်ကရင်အမျိုးသားအထက်တန်းကျောင်းအုပ် မန်းကျော်ခလိန်းယှူးက ပြောသည်။

၎င်းက “အခုသူတို့ လာစစ်တာက ကျောင်းမှာကျောင်းသားဦးရေ စာရင်းဘယ်လောက်ရှိလဲ၊ ပြီးတော့ ကျောင်းအုပ်က ဘာအထောက်အထား ကိုင်ဆောင်ထားလဲ၊ အဲဒါတွေပဲ။ ပြီးတော့ သူတို့နဲ့ ဓာတ်ပုံတွဲ ရိုက်တယ်။ ထွေထွေထူးထူး ပြောဆိုတာ မရှိဘူး။ ဒါပေမယ့် အခုက ကျောင်းသားဦးရေ စာရင်းတော့ လာယူ သွားတယ်။ သူတို့ယူသွားတဲ့ စာရင်းနဲ့ ကျောင်းသားစာရင်း ကိုက်ညီမှုရှိမရှိ နောက်တစ်ကြိမ် ပြန်ထပ်စစ်ဖို့ ရှိမရှိဆိုတာက မပြောတတ်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ ကလေးငယ် ၁,၂၀၀ ကျော် ပညာသင်ကြားနေသည့် မေတ္တာရိပ် ရွှေ့ပြောင်းကျောင်းအပါအဝင် ရွှေ့ပြောင်းစာသင်ကျောင်း ၆ ကျောင်းကို စက်တင်ဘာလ ဆန်းပိုင်းက ပိတ်သိမ်းခံရသည့်နောက် ထိုင်းအစိုးရပညာရေးဝန်ကြီးဌာနဘက်မှ တရားမဝင် စာသင်ကျောင်းရှိမရှိကို စစ်ဆေးရန် ညွှန်ကြားထားချက်အရ တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းများ အလားတူ ဝင်ရောက်စစ်ဆေးမှုများလုပ်ဆောင်လာနေခြင်းဖြစ်သည်ဟု သိရသည်။

ယခုလို စာသင်ကျောင်းများ ဝင်ရောက်စစ်ဆေးမည့် သတင်းကြောင်း တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းအချို့မှာ ယာယီပိတ်ထားမှုမျိုးရှိသည်ဟု ရွှေ့ပြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

တာ့ခ်ခရိုင်ထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ (BMWEC) လက်အောက်၌ စာရင်းဝင်ထားသည့် ရွှေ့ပြောင်း စာသင်ကျောင်းပေါင်း ၆၃ ကျောင်းရှိကာ စာရင်းမဝင်ထားသည့် စာသင်ကျောင်းအချို့လည်း ရှိသည်ဟု သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...