မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်နီ ၊ ရှမ်း – ကရင်နီနယ်စပ်က နေရာဒေသ ၆ ခုမှာ ရေကြီးမှုနဲ့ မြေပြိုမှုဖြစ်နေ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်နီ ၊ ရှမ်း – ကရင်နီနယ်စပ်က နေရာဒေသ ၆ ခုမှာ ရေကြီးမှုနဲ့ မြေပြိုမှုဖြစ်နေ

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်ရှိ နေရာဒေသ ၆ခုမှာ ရေကြီးပြီး မြေပြိုမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရှမ်း-ကရင်နီ နယ်စပ်ရှိ ပီကင်းကျေးရွာမှာ မြေနိမ့်ဒေသတွင်း ရေကြီးနေပြီး သံတောင်ကြီးမြို့နယ် ၊ ယာဒိုကျေးရွာမှာလည်း တောင်ကျရေကြောင့် လမ်းတံတားပျက်စီးမှုအပြင် စစ်ရှောင်တဲ (၁၀)လုံးကျော်လည်း ပျက်စီးသွားတယ်လို့ စစ်ရှောင်အရေးကူညီ‌ဆောင်ရွက်ပေးနေတဲ့ ထွန်းမြန်မာဒိုနေးရှင်းအဖွဲ့ဝင် ကိုဖိုးဇော်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျနော်တို့ တောင်ငူ-လိပ်သိုလမ်းမပေါ်က ယာဒို တံတားနားအနီးပေါ့နော်။ တောင်ကျရေက အတကုန်စီးတော့ ယာဒိုတံတားရဲ့ အထိပ်မှာ တောထဲမှာနေတဲ့ စစ်ရှောင် အိမ်ထောင်စု ၇၀လောက်ရှိတယ်။ လောလောဆယ် တောင်ကျရေ အစီးကြမ်းတော့ ဆယ်လုံးကျော်တော့ မျှောပါသွားတယ်။ လက်ရှိအခြေအနေပေါ့”လို့ ကိုဖိုးဇော်က ဆိုပါတယ်။

စစ်ရှောင်စခန်းက တဲအိမ် မျောပါ ပျက်စီးခဲ့တဲ့အပြင် စစ်ဘေးရှောင်တချို့လည်း ထိခိုက်ဒဏ်ရာရရှိထားပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်က ဒေါရောက်ခူကျေးရွာအုပ်စု ၊ ဆော်ပထန်ကျေးရွာအုပ်စု တို့မှာ လူသွားလမ်းမပေါ် ရေမြှုပ်နေပါတယ်။ ဒေါရောက်ခူကျေးရွာအုပ်စုမှာ တောင်ယာစပါး အနည်းဆုံး ဧက ၆၀ နစ်မြှုပ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုလည်းရွာတယ်။ ၃ရက်ရှိပြီ မတိတ်တာ။ ကြီးတာနဲ့ စဲတာဘဲကွာတယ်။ လုံးဝတိတ်မသွားဘူး”လို့ စစ်ဘေးရှောင် ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း မ် ကိုပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း ဒီးမော့ဆို – မော်ချီးသွားလမ်းဖြစ်တဲ့ ထူးချောင်း ရေမြှင့်တက်လာမှုကြောင့် ရေစီးနဲ့အတူ ကုန်ကား မျောပါသွားတာရှိပါတယ်။

ရေကြီးမှု ၊ မြေပြိုမှုတွေကြောင့် ဒေသခံတွေ သွားလာရေးမှာ ခက်ခဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံတွေမှာဖြတ်ကျော် တိုက်ခတ်သွားတဲ့ ရာဂီလို့ခေါ်တဲ့ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းနဲ့ အိန္ဒိယနိုင်ငံဘက်မှာ တိုက်ခတ်တဲ့မုန်တိုင်းအရှိန်တို့ကြောင့် မြန်မာနိုင်ငံကနေ နေရာအနှံ့အပြားမှာ မိုးသည်းထန်မှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ ရေကြီးရေလျှံ ၊ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။

ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ အားကောင်းတဲ့ မုန်တိုင်းအရှိန်က စက်တင်ဘာလ ၁၂ ရက်နေ့အထိ ဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီ ရဲ့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

Most read this week

January 31, 2026
ကရင်နီပြည်မှာရှိတဲ့ ကိန္နရီပညာရေးစင်တာ (KEC) ကနေ ကရာတေးအားကစားသင်တန်းကို ၃လကြာ...
ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...