နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ Dawei Watch သတင်းသမားနှစ်ဦးအပြင် ဖမ်းဆီးခံရ သတင်းသမားများအားလုံးကို ပြန်လွှတ်ဖို့ IPCM တောင်းဆို

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ Dawei Watch သတင်းသမားနှစ်ဦးအပြင် ဖမ်းဆီးခံရ သတင်းသမားများအားလုံးကို ပြန်လွှတ်ဖို့ IPCM တောင်းဆို

စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားတဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် Dawei Watch သတင်းသမား နှစ်ဦးအပြင် မတရားဖမ်းဆီးခံရတဲ့ သတင်းသမားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က  ဩဂုတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်းသမားနှစ်ဦးဖြစ်တဲ့ ကိုမျိုးမြင့်ဦး နဲ့ ကိုအောင်ဆန်းဦးတို့ကို စစ်ကောင်စီက ၂၀၂၃ခုနှစ် ၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ညမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် ၄ ရက်ခန့် နှိပ်စက် စစ်ဆေးခံရပြီး မြိတ်အကျဉ်းထောင်ကို ပို့ဆောင်ခံရသလို တရားဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ နဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ (ခန့်မှန်းရက်) မှာ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ( ၂၀ ) နဲ့ ကိုမျိုးမြင့်ဦးကိုတော့ မေလ ၁၅ ရက် (ခန့်မှန်းရက် )မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံဖို့ မြိတ်အကျဉ်းထောင် စစ်ခုံရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ Dawei Watch သတင်းဌာနက ဩဂုတ်လ ၂၇ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

သတင်းသမား နှစ်ဦး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရမှုဟာ မြန်မာနိုင်ငံတွင်းက သတင်းသမားတွေ စစ်ကောင်စီလက်အောက်မှာ အကာအကွယ်မဲ့နေကြောင်း သက်သေပြချက်ဖြစ်သလို အကျဉ်းထောင်အတွင်း နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ သတင်းသမားများအားလုံးကိုလည်း မေ့လျော့မထားဖို့ IPCM က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေမှာ ထောင်ဒဏ် ၁၀ နှစ်နဲ့ အထက် ထောင်ဒဏ်ချမှတ်ခံနေရတဲ့ သတင်းသမား ၁၁ ဦးရှိပြီး အဲ့ဒီထဲမှာ ကိုမျိုးမြင့်ဦး နဲ့ မရှင်ဒေဝီ ကတော့ တစ်သက်တစ်ကျွန်း စီရင်ချက်ချမှတ်ခံထားရပါတယ်။ သတင်းသမားတွေဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူတင်ဆက်ခြင်းဖြစ်ပြီး တည်ဆဲဥပဒေ ၊ နိုင်ငံတကာဥပဒေများနှင့်အညီ ပြည်သူတို့ သတင်းရယူသိရှိပိုင်ခွင့် ( Right to information ) ကို တရားဝင်လုပ်ဆောင်ပေးခြင်းသာ ဖြစ်တယ်လို့ IPCM က ဆိုထားပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရတဲ့ သတင်းသမား ( ၅၀ ) ဦးမှာ ယနေ့ထိ အကျဉ်းထောင်အသီးသီးမှာ ထောင်ဒဏ်ချမှတ်ခံရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့မှာလည်း စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က Dawei Watch သတင်းသမားနှစ်ဦးကို ချက်ချင်းလွှတ်ဖို့ နဲ့ သတင်းထောက်တွေအပေါ် အကြမ်းဖက်မှု ပုဒ်မတွေသုံးပြီး စွဲချက်တင်နေတာ ရပ်တန့်သင့်ကြောင်း ထုတ်ပြန်တိုက်တွန်းထားပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...