လွိုင်ကော်တိုက်ပွဲများကြောင့် ဒီမောဆိုလမ်းနှင့် အခြားလမ်းသွယ်များ မသွားရန် KNDF သတိပေး

လွိုင်ကော်တိုက်ပွဲများကြောင့် ဒီမောဆိုလမ်းနှင့် အခြားလမ်းသွယ်များ မသွားရန် KNDF သတိပေး

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လွိုင်ကော် - ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးနှင့် ဆက်စပ်သည့် လမ်းသွယ်များကို အသုံးပြု သွားလာခြင်း မလုပ်ကြရန် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောသည်။

လွိုင်ကော်မြို့ ဒေသခံပြည်သူများ အနေဖြင့် မြို့ပေါ် ရှိ ကျေးရွာ၊ ရပ်ကွက်များသို့ ဝင်ထွက်သွားလာခြင်း မပြုလုပ်ရန်၊ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းပြန်လည် သယ်ယူခြင်းများ မလုပ်ကြရန်နှင့် လွိုင်ကော် - ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးအပြင် ၎င်းနှင့် ဆက်စပ်နေသည့် လမ်းသွယ်များအား အသုံးမပြုကြရန် KNDF ဗဟို သတင်း နှင့် ပြန်ကြားရေးမှ ဩဂုတ်လ ၇ ရက်နေ့က အသိပေး ထုတ်ပြန်ထားသည်။

ကရင်နီပြည် တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ”အမှန်ကတော့ သူတို့ စစ်မြေပြင်ကို ပြန်မလာ ကောင်းဘူးလေ” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးနှင့် ကျေးရွာ၊ ရပ်ကွက်များ အတွင်း တားဆီးစစ်ဆေး မေးမြန်းခြင်း မပြုဘဲ ဖြတ်သန်းသွားလာသည့် အရပ်သားများအား ပစ်ခတ်မှုများကြောင့် အကြောင်းမဲ့ သေဆုံးမှုများ ရှိနေသည်ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးက ဆိုသည်။

ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များသည် ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကို ဆက်လက် ထိန်းချုပ်ထားပြီး ယခုလက်ရှိ စစ်ရေး လှုပ်ရှားမှုများ ဆက်လုပ်ဆောင်နေသည်ဟု ကရင်နီပြည် တပ်မတော် (KA) စစ်ရေး ချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောသည်။

“ကျနော်တို့က တိုးလာတော့ မရှိဘူး။ လျှော့တာလည်း မရှိဘူးပေါ့။ အရင်တိုင်းပဲ ကျနော်တို့ ထိန်းထားနိုင်တာ ပေါ့နော။ ကျန်တာက လွိုင်ကော်မြို့နဲ့ သူတို့ တပ်ရင်း ဌာနချုပ်ရှိတဲ့ နေရာပဲ ကျန်တယ်လေ။ ကျန်တဲ့ နေရာ အားလုံးက ကျနော်တို့ ထိန်းထားနိုင်တယ်လို့ အတည်ပြုလို့ ရပါတယ်။ လောလောဆယ်တော့ လွိုင်ကော်မှာ သူတို့ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းကတော့ တချို့ ရှိတယ်ပေါ့နော်။”

လက်ရှိတွင် လွိုင်ကော်မြို့ပေါ် က မိုင်းလုံး၊ နမ့်ဘော်ဝမ်၊ ရွာတန်းရှည်၊ ထူဒူးငံသ၊ စိုက်ကွင်း(၃)၊ ဒေါဆန်းဘွန်းနှင့် ပန်ကန်းရပ်ကွက်များတွင် ဇူလိုင်လမှစတင်၍ ယနေ့ချိန်ထိ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့ အကြား ထိတွေ့တိုက်ပွဲများ နေ့စဉ် ရက်ဆက်ဖြစ်ပွားနေသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဆိုသည်။

ထို့ကြောင့် ဒေသခံ ပြည်သူများအနေဖြင့် စစ်ရေးပဋိပက္ခများ ရှိနေသည့် လမ်းများကို အသုံးမပြုရန်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် လွိုင်ကော်မြို့ ပေါ်က ရပ်ကွက်များတွင် ပြန်လည် နေထိုင်ခြင်းများ မလုပ်ကြရန် ကရင်နီ တော် လှန်ရေး ပူးပေါင်းတပ်များက အသိပေး ပြောဆိုထားသည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...