တောင်ကြီးမြို့အဝင်တွင် စစ်ရှောင်ကားများအား ငွေကောက်ခံ

တောင်ကြီးမြို့အဝင်တွင် စစ်ရှောင်ကားများအား ငွေကောက်ခံ

ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးမြို့အဝင် စစ်ဆေးရေးဂိတ်များတွင် ရှမ်းပြည်မြောက်ပိုင်းမှ တိမ်းရှောင်လာကြ သည့် စစ်ဘေးရှောင်ကားများအား စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များက ငွေကျပ် ၂ သိန်း ကောက်ခံနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြော သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကာလအတွင်း ဇူလိုင်လ ဒုတိယအပတ်မှစတင်၍ တိမ်းရှောင်လာကြသည့် စစ် ရှောင် ပြည်သူများ၏ ကားများကို စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ က ကောက်ခံနေခြင်း ဖြစ်သည်။

ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီး တစ်ဦးက “ဈေးဆစ်လို့လည်း လုံးဝမရဘူး။ အဆင်ပြေတဲ့ ပမာဏလေးတော့ ဖြစ်စေချင်တာပေါ့နော်။ ၂ သိန်းဆိုတာက အိမ်လခ တစ်လစာ ရှိပြီလေ” ဟု ပြောသည်။

တောင်ကြီးမြို့အဝင် ၄ မိုင် စစ်ဆေးရေးဂိတ်၊ ဘုရားဖြူ ရပ်ကွက်အနီး ဂနိုင်ရွေး စစ်ဆေးရေးဂိတ်၊ ပေါမူဂိတ်တို့ တွင် ငွေတောင်းခံနေပြီး မိသားစုလိုက် ၂ စု၊ ၃ စု ပေါင်းလာကြသူများက တစ်စုချင်း ပျမ်းမျှ ပမာဏ သတ်မှတ်၍ ပေးဆောင်ကြရသည်ဟု ဆိုသည်။

ယခင်က စစ်ဆေးရေးဂိတ် မရှိသည့် တောင်ကြီးမြို့ အဝင် လမ်းများကို ဖွင့်ထားပေးသော်လည်း လက်ရှိတွင် ထို လမ်းများအား စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည် ဖြစ်ရာ ကျပ် ၂ သိန်း မပေးဆောင်နိုင်သူများက အခြားမြို့သို့ ထွက်ခွါသွားကြသည်ဟု ဆိုသည်။

လားရှိုးမှ တောင်ကြီးသို့ တိမ်းရှောင်လာသူ တစ်ဦးက “ကျမတို့တုန်းကတော့ တစ်သိန်းပဲ ပေးရတာ။ ၂ သိန်းက ဒီရက်ပိုင်းမှ စတာလို့ ကြားတယ်။ တော်တော်များများ ပေးကြမှာပါ။ တောင်ကြီးက လုပ်ကိုင်စားလို့ ကောင်း တယ်လေ။ ဝန်ထမ်းပဲ လုပ်မလား။ ဆိုင်ဖွင့်မလား အဆင်ပြေတယ်။ တခြားမြို့ကတော့ ဘာမှ လုပ်စားလို့မရ သူများလှူတာပဲ ထိုင်မျှော်ရတယ်လေ” ဟု ပြောသည်။

ထို့အပြင် 4 wheel အမျိုးအစား ၄ ခန်းပါသည့် ကားမြင့်များအား စစ်ကောင်စီတပ်က ချောဆွဲပြီး ရှေ့တန်းသို့ ပို့ဆောင်နေသဖြင့် ထိုကားများဖြင့် တောင်ကြီးမြို့သို့ လာရောက်ခြင်း မပြုကြရန်လည်း စစ်ဘေးရှောင်များက သတိပေးထားသည်။

ဇွန်လ ၂၅ ရက်နေ့က စတင်ဖော်ဆောင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း အတွင်း ရှမ်းပြည်မြောက်ပိုင်း က လားရှိုး၊ သီပေါ၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲနှင့် မန္တလေးတိုင်း ဒေသကြီးထဲက မိုးကုတ်မြို့တို့တွင် နေထိုင်သူ ပြည်သူ အများစုမှာ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ တိမ်းရှောင်လာနေကြပြီး အိမ်ငှားခများမှာ ဈေးနှုန်း အဆမတန် မြင့်တက်လျက်ရှိသည်။

Most read this week

February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...
January 29, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို စစ်ကော်မရှင် စစ်ကြောင်းက...