သတင်းသမားများကို ရာဇဝတ်သားများအဖြစ် မဆက်ဆံရန် BNI နှင့် IPCM တောင်းဆို

သတင်းသမားများကို ရာဇဝတ်သားများအဖြစ် မဆက်ဆံရန် BNI နှင့် IPCM တောင်းဆို

သတင်းမီဒီယာသမားများကို ရာဇဝတ်သားကဲ့သို့ သဘောထားပြီး ဖမ်းဆီးထောင်ချနေသည့် လုပ်ရပ်ကို ရှုတ်ချ ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများကို ပြန်လွတ်ပေးရန် နိုင်ငံတကာ မြန်မာ့ သတင်း BNI နှင့် လွတ်လပ်သော မြန်မာသတင်း မီဒီယာ ကောင်စီ IPCM တို့က တောင်းဆိုလိုက်သည်။

စစ်တပ်က Development Media Group (DMG) သတင်းဌာနမှ သတင်းထောက်နှင့် ရုံးဝန်ထမ်းတို့ကို နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့သည့်အပေါ်  BNI နှင့် IPCM တို့က ယခုကဲ့သို့ ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လွတ်လပ်သော မြန်မာ သတင်းမီဒီယာ ကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က “DMG သတင်း ထောက်တွေကို သတင်းမီဒီယာပုဒ်မနဲ့လည်း တရားစွဲတာ မဟုတ်ပြန်ဘူး။ တကယ်တော့ အကြမ်းဖက် ဥပဒေ ၅၂ (က) နဲ့ စွဲတာရယ်၊ တကယ်လို့ သတင်းထောက် ဥပဒေအရ သတင်းထောက် အလုပ်ကို လုပ်တာကို ဘယ်လို ပုဒ်မနဲ့မှ တကယ်က ဖမ်းဆီး အရေးယူ ပိုင်ခွင့် မရှိဘာဘူး။ အဲ့ဒါကို ကျနော်တို့ အဓိက ရှုတ်ချတာပါ။ သူတို့ စစ် ကောင်စီအောက်က ၂၀၀၈ ဥပဒေထဲမှာမှ သတင်းမီဒီယာ ဥပဒေမှာ မီဒီယာသမားများဟာ လွတ်လပ်စွာ သတင်း ရယူခွင့် ရှိပါတယ်ဆိုတဲ့ဟာတော့ ပါထားပြီးသားပေါ့နော်။ အဲ့ဒါတွေကြောင့်မို့ ကျနော်တို့ သတင်း မီဒီယာ ကောင်စီအနေနဲ့ သတင်းမီဒီယာတွေ ကိုယ့်အလုပ်ကို လုပ်တာကို ဘယ်လို ပုဒ်မပဲတပ် ဖမ်း ဖမ်း ကျနော်တို့ အနေနဲ့ လက်မခံဘာဘူးခင်ဗျ” ဟု ပြောသည်။

စစ်ကောင်စီသည် အပြစ်မဲ့ သတင်းသမားများ အပါအဝင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများ၊ မတရား ဥပဒေများဖြင့် ဖမ်းဆီးထောင်ချခြင်းများကို ကျူးလွန်ခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု  IPCM ၏ ဇူလိုင်လ ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက သတင်းသမားများကို အမျိုးမျိုး ခြိမ်းခြောက် ဖမ်းဆီးထောင်ချမှုများအပြင် လူထုဘက်မှလည်း သတင်းရယူသိပိုင်ခွင့် မရှိအောင် နည်းမျိုးစုံဖြင့် ပိတ်ပင်နေသည့်အတွက် ရှုတ်ချကြောင်း နိုင်ငံတကာ မြန်မာ့ သတင်း BNI ၏ မီဒီယာဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ အားမီ က ပြောသည်။

“သတင်းထောက်တွေက ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်နေတဲ့ဟာတွေကို ဖော်ထုတ်တယ်။ ဆိုတော့ ဒီမှာ ရာဇဝတ်သား မဟုတ်တဲ့ ကျမတို့ကို ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ်က အခု လိုမျိုး ပြစ်ဒဏ်ချမှတ်တာကို ကြည့်မယ်ဆိုရင် ဒါက ကျမတို့ ပြည်သူတွေဆီကို သတင်းပေးတာကို အခါမှာ ပြည်သူတွေ သတင်းရယူပိုင်ခွင့် သိပိုင်ခွင့် မရှိအောင် နည်းမျိုးစုံနဲ့ ပိတ်ပင်နေတဲ့ဟာမျိုးလို့ ပြောလို့ရတယ်။ ကျမတို့ကိုလည်း သတင်းအလုပ် ဆက်မလုပ်ရဲအောင် လုပ်တာတွေ ဖြစ်တယ်။ ကျမကတော့ ဒါကို ပြတ်ပြတ် သားသား ဆန့်ကျင်ရှုတ်ချပါတယ်။”

နိုင်ငံတကာ မြန့်မာ့ သတင်းမီဒီယာ BNI အနေဖြင့်  DMG သတင်းဌာနမှ သတင်းထောက်နှင့် ရုံဝန်ထမ်း တစ်ဦး တို့ကို အလုပ်ကြမ်းနှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်မှုကို ကန့်ကွက်ရှုတ်ချပြီး ရခိုင်ပြည်နယ် သာမက တစ်နိုင်ငံ လုံးတွင် သတင်းလွတ်လပ်ခွင့် ပိတ်ပင်မှု၊ သတင်းသမားများအပေါ်  ဖိနှိပ်မှုများကို အမြန်ဆုံး ရပ်တန့်နိုင်ရန် နှင့် ဖမ်းဆီးထားသော သတင်းသမားများအားလုံး ပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟု ဇူလိုင်လ ၁ ရက်နေ့က ထုတ် ပြန်ကြေညာခဲ့သည်။

နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့ဝင်တစ်ခုဖြစ်သည့် DMG ၏ သတင်းထောက် ကိုထက်အောင်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က စစ်တွေမြို့၊ ဝင်္ကဘာကွင်းတွင် ပြုလုပ်သည့် သီတင်းကျွတ် လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲတွင် ဓာတ်ပုံရိုက်နေစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထို့အပြင် DMG ရုံးကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ထပ်မံ ဖမ်းဆီးခဲ့သည်။

DMG သတင်းဌာနက အယ်ဒီတာချုပ် ကိုအောင်မန်းဦးက “DMG တခုလုံးကို မျက်မုန်းကြိုးနေတာ ကြာပါပြီ။ ၂၀၁၈-၂၀၁၉ တိုက်ပွဲကတည်းက ကျနော်တို့က သတင်းတွေ အများကြီးလုပ်ခဲ့တယ်။ ၂၀၁၉ မေလမှာ ကျနော် ကို တရားစွဲတယ်။ တခြားသတင်းထောက်တွေကိုလည်း တရားစွဲတယ်။ ပုဒ်မတွေ အများကြီးနဲ့ တရားစွဲလာ တာတွေ ရှိတယ်။ ဒါက သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျနော်တို့က ဖော်ပြတော့ ကျနော်တို့က မြန်မာလိုပဲ မဟုတ်ဘူး အင်္ဂလိပ်လိုလည်း ဖော်ပြတာရှိတော့ ထိရောက်မှုက ပိုရှိတယ်။ နိုင်ငံတကာမီဒီယာကို လည်း ကျနော်တို့ဆီကနေ ရောက်သွားတော့ ကျနော်တို့ကို မျက်မုန်းကြိုးနေတာပေါ့” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီ က ဇွန်လ ၂၈ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

မကြာသေးမီက ထုတ်ထားသည့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF)၊ Reporter Without  Borders (RWB) ရဲ့ အချက်အလက်အရ သတင်းသမားများအတွက် အန္တရာယ်အများဆုံး နိုင်ငံ ၁၈၀ ထဲတွင် ၁၇၁ နေရာမှာ ရှိနေပြီး ကမ္ဘာ့ အဆိုးဝါးဆုံး ၁၀ နိုင်ငံတွင် ပါဝင်သည်။

မီဒီယာသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ၏ စာရင်းအရလည်း ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံသည် သတင်းထောက် အဖမ်းခံရမှုတွင် ဒုတိယ အများဆုံး နိုင်ငံ ဖြစ်သည်။

 

Most read this week

February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...
January 29, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို စစ်ကော်မရှင် စစ်ကြောင်းက...