DMG သတင်းဌာနမှ ဝန်ထမ်းနှစ်ဦးအား နှစ်ရှည်ထောင်ဒဏ် ချမှတ်သည့်အပေါ် BNI နှင့်အဖွဲ့ဝင် သတင်းဌာနများက ကန့်ကွက်ရှုတ်ချ

DMG သတင်းဌာနမှ ဝန်ထမ်းနှစ်ဦးအား နှစ်ရှည်ထောင်ဒဏ် ချမှတ်သည့်အပေါ် BNI နှင့်အဖွဲ့ဝင် သတင်းဌာနများက ကန့်ကွက်ရှုတ်ချ

နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏ ဝန်ထမ်းနှစ်ဦးအား စစ်ကောင်စီက အကြမ်းဖက်ပုဒ်မများတပ်၍ ထောင်ဒဏ်(၅)နှစ်စီ ချမှတ်သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း  ဇူလိုင်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

BNI ၏ အဖွဲ့ဝင် တိုင်းရင်းသားသတင်းမီဒီယာဌာန (၁၅)ဖွဲ့တွင် တစ်ဖွဲ့အပါ အဝင်ဖြစ်သော DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် အောက်တိုဘာလပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ(၂၈)ရက်နေ့တွင် နှစ်ရှည် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်၍ BNI ၏မူဝါဒရေးရာကော်မတီ ဥက္ကဌ ဦးကိုကိုဇော်က “သတင်းသမားတွေ သတင်းသမားအလုပ် လုပ်တဲ့အပေါ် ရာဇဝတ် ပြစ်မှုတွေနဲ့ အရေးယူလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တားမြစ်လိုက်တာ၊ ဖမ်းဆီးမှု၊ အသုံးပြုတဲ့ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေဟာ တရားမျှတမှုလုံးဝမရှိဘူး”ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

စစ်ကောင်စီက ကိုထက်အောင်အား ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သတင်းရယူနေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းအားခြိမ်းခြောက်၍ DMG ရုံးနေရာသို့သွားရောက်ကာ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးထိန်းသိမ်းထားစဉ် ၎င်းတို့နှစ်ဦးအား စစ်ကောင်စီက စစ်ကြောရေးသို့ပို့ဆောင်ပြီးမှ ထောင်ဒဏ်ချမှတ်ခဲ့သလို DMG သတင်းဌာနမှ အယ်ဒီတာနှင့် သတင်းထောက်များအပါအဝင် ဝန်ထမ်း(၁၈)ဦးအား ဖမ်းဝရမ်းထုတ်ထားခဲ့ခြင်းသည် သတင်းမီဒီယာများ၏ရပ်တည်မှု၊ သတင်းရယူမှုနှင့်ပြည်သူလူထု၏ သတင်းရပိုင်ခွင့်များကို တားမြစ်ပိတ်ပင်ခြင်းလည်းဖြစ်ကြောင်း BNI က ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

BNI အနေဖြင့်လည်း အဆိုပါဝန်ထမ်းနှစ်ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည်ကို ကန့်ကွက်ရှုတ်ချပြီး ရခိုင်ပြည်နယ်အတွင်း သတင်းလွတ်လပ်ခွင့် ပိတ်ပင်ခံရမှုနှင့် သတင်း သမားများအပေါ် ဖိနှိပ်မှုများကို စစ်ကောင်စီ‌အနေဖြင့် ရပ်တန့်ရန်၊ ဖမ်းဆီးထားသော သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ထို့အတူ လွတ်လပ်သောမြန်မာ သတင်းစာဆရာများ အစည်းအရုံး-IMJA ကလည်း DMG သတင်းထောက်နှင့်ဝန်ထမ်း ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့်ပတ်သက်၍ စစ်တပ်၏ သတင်းသမားများအပေါ် မတရားဖမ်းဆီးထောင်ချခြင်းကို ကန့်ကွက်ပြီး သတင်းမီဒီ ယာအပေါ်ကျူးလွန်သည့် ပြစ်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း ဇွန်လ(၃၀)ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်တပ်က ၎င်းတို့ဖမ်းဆီး‌ထောင်ချထားသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင်ပင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးသမားနှင့်သတင်းသမား ပါဝင်မှု နည်းပါးခဲ့သလို ယခုနှစ်၏ သတင်းလွတ်လပ်ခွင့်အဆိုးဝါးဆုံးနိုင်ငံများစာရင်း တွင်ပင် မြန်မာနိုင်ငံက ထည့်သွင်းဖော်ပြခံထားရသည်။

အာဏာသိမ်းမှုမှစ၍ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီး ထိန်းသိမ်း ထောင်ချခံရသူ သတင်းသမားစုစုပေါင်း ၁၇၀ ဦးရှိပြီး ၁၁၈ ဦးမှာ ပြန်လည် လွတ်မြောက် လာသော်လည်း သတင်းသမား ၅၂ ဦးမှာ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျ ခံနေရဆဲ ဖြစ်သည်ဟု လွတ်လပ်သောမြန်မာသတင်း မီဒီယာကောင်စီ- IPCM ၏ ထုတ်ပြန်ချက်များအရ သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...