နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ

နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ

ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး  ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။

မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်အချိန်တွင်  အသက် ၁၅ နှစ်အောက် ယောက်ျားလေး ၅ ဦးဟာ KIA သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာကျေးရွာ စစ်ကောင်စီတပ် (ခလရ ၁၂၃)  စခန်းထဲဝင်ပြီး မပေါက်ကွဲသေးတဲ့ လက်ထောက်ဗုံးကျည်ဆော့ကစားပြီး ပစ်ပေါက်ရာကနေ ဗုံးပေါက်ကွဲသွားတာကြောင့် ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။

“ ညနေ ၄ ခွဲလောက်မှာ ပေါက်ကွဲသံကြားတာပေါ့။ အဲဒါ ကလေးတွေက  စစ်တပ်စခန်းထဲ ခိုးဝင်ပြီး အဲမှာ လက်နက်ကျန်တွေ၊ လက်နက်ခွံတွေ ကောက်ကစားကြတာ။ အဲမှာ တစ်ယောက်က လက်ထောက်ဗုံးကိုင်ဆော့ရာကနေ ပစ်ပေါက်မိလိုက်တာ ပေါက်ကွဲပြီး ၅ ယောက်လုံး ဒဏ်ရာရရှိခဲ့တာ အခု ၃ ယောက်ကိုတော့ ကွတ်ခိုင်ဆေးရုံကို ပို့ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးပေါက်ကွဲလို့ ဒဏ်ရာရတဲ့ ကလေး ၅ ဦးဟာ နမ့်ဖတ်ကာ ဟိုပုံရပ်ကွက်က မောင်ကျောက်မင်ခွင်း (အသက် ၉ နှစ်) ၊ ကျောက်ကျင်ဖွ(အသက် ၁၂ နှစ်)၊ ရက်ကွက် ၃ က မောင်ရန်တာအင်း ( အသက် ၁၂ နှစ်) ၊ မောင်ဆန်မျိုးအောင် ( အသက် ၁၅ နှစ်) နဲ့ နမ့်ဖတ်ကာ ရပ်ကွက် ၁ က မောင်ကျိန်ကွမ်းတ ( အသက် ၁၄ နှစ်) တို့ ၅ ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာပိုပြင်းထန်တဲ့ ၃ ဦးကို ကွတ်ခိုင်မြို့ဆေးရုံမှာပို့ထားတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ ၁၂၃ တပ်စခန်းထဲကို ရွာသားတွေကို ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်တဲ့ကြားက ကလေး ၅ ဦးဟာ အနောက်ဘက်လမ်းကြောင်းကနေခိုးဝင်ပြီး ဆော့ကစားကြရင်းဖြစ်သွားတယ်လို့ သူကပြောပါတယ်။

“ ဒီစစ်တပ်ဟောင်းထဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးဘူး။ ရှင်းလင်းရေးတွေ မလုပ်ထားသေးဘူး။ ဒါပေမဲ့ ကလေးတွေက ဘယ်သူမှမတွေ့ဘူးဆိုပြီး အနောက်လမ်းကနေ ခိုးဝင်ကြရင်း ဖြစ်သွားတာဟုတ်တယ်။” ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ ပြီးခဲ့တဲ့လမှာလည်း ဒေသခံပြည်သူတွေရဲ့အိမ်ခြံဝင်းတစ်ခုမှာ  စစ်လက်နက်အကြွင်းအကျန်မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသူတွေရှိသလို လယ်တောသွားရင်း မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး လက်ရှိ ၅ ဦးနဲ့ဆိုရင် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ရွာသား ၂ ဦးခန့်သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီလို့ သိရပါတယ်။

နမ့်ဖတ်ကာကျေးရွာဟာ ကွတ်ခိုင်မြို့နဲ့ မူဆယ်မြို့ကြားမှာရှိပြီး  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိ  KIA  လက်အောက်အုပ်ချူပ်ရေးယန္တရားတွေလည်ပတ်နေတာပဲ ဖြစ်ပါတယ်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...