စစ်ကောင်စီပိတ်ဆို့မှုကြောင့် ရခိုင်က မြို့ ၃ မြို့တွင် ဆန်ရိက္ခာပြတ်လပ်နေ

စစ်ကောင်စီပိတ်ဆို့မှုကြောင့် ရခိုင်က မြို့ ၃ မြို့တွင် ဆန်ရိက္ခာပြတ်လပ်နေ

စစ်ကောင်စီက လမ်းခရီးသွားလာခြင်း၊ ကုန်ပစ္စည်းသယ်ယူခြင်းကို ပိတ်ပင်ထားမှုကြောင့် ရခိုင်ပြည် အမ်း၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တို့တွင် ဆန်ရိက္ခာပြတ်လပ်နေ၍ ဒေသခံများအခက်ကြုံတွေ့နေရသည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့်မတ်လမှစ၍ ကုန်ပစ္စည်းသယ်ယူခွင့်ကို တင်းကျပ်စွာပိတ်ပင်ထားသဖြင့် ဒေသခံများမှာ ရက်ရှည်ကြာလာသည်နှင့်အမျှ ဆန်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

လက်ရှိတွင် ဆန်တစ်ပြည်ကို ငွေကျပ် ၅ ထောင်နှုန်းဖြင့် တစ်ဦးလျှင်ဆန်နှစ်ပြည်ကျစီ တန်းစီစနစ်ဖြင့် ဝယ်ယူစားသောက်နေရကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကဆန်အိတ်တွေ ကုန်သွားရင်တော့ နောက်လတွေမှာ ဘယ်လိုဖြေရှင်းရမလဲ မသိတော့ဘူး။ စစ်ကောင်စီက မြို့ထဲကို ဘာတစ်ခုမှသွင်းလို့မရအောင် လုပ်ထားတာ” ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီပိတ်ဆို့မှုကြောင့် အမ်းမြို့ပေါ်ရှိ အခြေခံလက်လုပ်လက်စားများမှာ ပို၍ဒုက္ခရောက်နေကြပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ အခြေအနေဆိုးရွားလာနိုင်သည်။

“ပိုက်ဆံရှိသူတွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်လို့ရတယ်။ ဆန်ရှိရင် ဆန်ပြုတ်ပြုတ်စားပြီး နေလို့ရတယ်။ ဒါပေမယ့် မရှိဆင်းရဲသားတွေမှာ အဲဒီလိုမလုပ်နိုင်ဘူး။ တစ်နေ့လုပ်မှတစ်နေ့စားနေရတဲ့ အခြေအနေမှာ ဒီလိုဖြစ်လာတော့ ဒုက္ခရောက်နေကြပြီ” ဟု အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အမ်းမြို့ရှိ ဆန်ဆိုင်များတွင်လည်း ဆန်ရိက္ခာအနည်းငယ်သာ ကျန်ရှိတော့၍ ကုန်ပစ္စည်းသယ်ယူခွင့် မရရှိပါက ယခုလအတွင်း လုံးဝပြတ်တောက်သွားနိုင်ကြောင်း သိရသည်။

ရခိုင်တောင်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသော ကျောက်ဖြူ၊ တောင်ကုတ်မြို့တို့တွင်လည်း ခရီးသွားလာခွင့် ပိတ်ပင်ထား၍ ဆန်ရိက္ခာ၊ ဆေးဝါးပြတ်လပ်လာနေ၍ ဒေသခံများ အခက်ကြုံနေကြရသည်။

ရခိုင်တွင် တိုက်ပွဲစတင်ချိန်မှစ၍ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့ကို စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းဖြစ်ပြီး ကာလရှည်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာအရေးမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။

ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက “ကျနော်တို့မြို့မှာ ဆန်ပြုတ်စားနေရသူတွေ အများကြီးရှိနေပြီ။ ကြာလာရင် ဒေသခံတွေ အငတ်ဘေးဆိုက်တော့မယ်။ ဆေးဝါးလည်းပြတ်နေတော့ တော်တော်လေးဒုက္ခရောက်ရပါတယ်” ဟု ပြောသည်။

ရခိုင်တိုက်ပွဲ စတင်သည်နှင့်တပြိုင်နက် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်းစံချိန်တင်မြင့်တက်မှုဒဏ်ကို အလူးအလဲ ရင်ဆိုင်ကြရသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...