ရခိုင်စစ်ဘေးရှောင် သုံးသိန်းကျော် အကူအညီများလိုအပ်နေ

ရခိုင်စစ်ဘေးရှောင် သုံးသိန်းကျော် အကူအညီများလိုအပ်နေ

ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ သုံးသိန်းကျော်အထိရှိလာနေပြီး၊ လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်မှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ပြည်သူများမှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား နှစ်ဖက်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းအပြင် အရပ်သားများနေထိုင်ရာ မြို့ရွာရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေသော စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး/ငယ် အန္တရာယ်ကို ကြောက်လန့်၍ ထွက်ပြေးနေကြရသည်။

“သူတို့(စစ်ကောင်စီ)ရဲ့စိတ်မှာ ပြည်သူလူထုဆိုတာတောင် မရှိတော့ဘူး။ လက်ရဲဇက်ရဲနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်။ ကျနော်တို့မှာ ကိုယ့်အသက်အန္တရာယ် ထိခိုက်မှာကို အမြဲစိုးရိမ်ကြောက်လန့်နေရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဖိစီးမှု များပြားလာနေကြောင်း UNOCHA က ဆိုသည်။

ရခိုင်တွင် တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ဒေသတွင်းလမ်းခရီးသွားလာခွင့်ကို ပိတ်ဆို့ကာ ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကို ကျင့်သုံးနေသည့်အတွက် ဒေသခံများမှာ ကုန်စည်ပြတ်တောက်ကာ စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။

ဒေသတွင်းလူမှုကူညီရေးအဖွဲ့များနှင့် နိုင်ငံတကာလူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များက ဝင်ရောက်ကူညီရန်လည်း အခက်အခဲများရှိနေ၍ သိန်းနှင့်ချီသောနေရပ်စွန့်ခွာသူများမှာ တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေး ကျပ်တည်းလာနေသည်။

ပေါက်တောမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “နေဖို့ထက် စားဖို့က အရမ်းကို အခက်အခဲဖြစ်နေပါတယ်။ ကျမတို့ အသက်ဆက်ရှင်ဖို့အတွက် ဘယ်အဖွဲ့ရဲ့ အကူအညီတွေကိုမဆို မျှော်လင့်နေပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ လေးလကျော်အထိ ကြာမြင့်လာပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များအား ဇန်နဝါရီလကုန်ပိုင်းက တွေ့ရစဉ်။

Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...