မြဝတီမြို့ပတ်လည် တိုက်ပွဲကျယ်ပြန့်လာနေခြင်းကြောင့် မြို့ခံများ စိုးရိမ်မှုရှိလာနေ

မြဝတီမြို့ပတ်လည် တိုက်ပွဲကျယ်ပြန့်လာနေခြင်းကြောင့် မြို့ခံများ စိုးရိမ်မှုရှိလာနေ
Photo: CJ
Photo: CJ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ပတ်ခြာလည်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်း၊ အခြေချစစ်ဗျူဟာ နေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA မဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည့်အတွက် မြို့တွင်းသို့ တိုက်ပွဲ ကူးစက်လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေကြောင်း မြဝတီမြို့ခံများက ပြောသည်။

“စစ်တပ်နေရာတွေကို ကရင်အဖွဲ့တွေ၊ PDF တွေတိုက်နေတာ တိုက်ပွဲတစ်ပတ်ကျော်ပြီ။ လေယာဉ် ကလည်း တဂျိမ်းဂျိမ်းပဲ၊ ညဘက်ရော နေ့ဘက်ရာ ပစ်ချနေတာ။ အခုက တိုက်ပွဲက မြို့ထဲရောက် လာမယ်ဆိုရင် ပြေးစရာ မဲဆောက်ဘက်ပဲ ရှိတယ်။ တခြားဘယ်မှ ပြေးမရဘူး။ အခုစစ်တပ်က မီးရှို့၊ လေယာဉ်နဲ့ ဗုံးချဆိုတော့ မလွယ်ဘူး။ ဖြစ်လာရင်တော့ ရွာဘက်ပြေးမရဘူး။ ထိုင်းဘက်ပဲ ပြေးရမှာ ”ဟု မြဝတီကျောက်လုံးကြီး ရပ်ကွက်ဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လတ်တလော သင်္ဃန်းညီနောင် ကျေးရွာဘက်တွင် တိုက်ပွဲများဆက်ဖြစ်နေ၍ ကျေးရွာ ၁၀ ခန့် က စစ်ဘေးရှောင် ၅,၀၀၀ ဝန်းကျင်မှာ မြဝတီမြို့ယာယီ စစ်ဘေးရှောင် နေရာ ၅ ခုခန့်နှင့် ဆွေမျိုး အသိမိတ်ဆွေနေရာများတွင် လာရောက် ရှောင်တိမ်းနေထိုင်သူများ ပိုတိုးလာနေကြောင်း သိရသည်။

လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက “ရွာသစ်၊ မဲကနယ်၊ မြေနီကုန်း၊ မြစန္ဒီ၊ ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ဘက်က စစ်ရှောင်တွေကို မြဝတီက လူမှုကယ်ဆယ်ရေးအဖွဲ့တွေ သွားကြို သယ်ပေး နေကြတယ်။ အခု တောရကျောင်း၊ ရေပူကျောင်း၊ ကြံခင်းရပ်ကွက် ဓမ္မာရုံတို့၊ အထက (၂) တို့မှာ ပြည့်လာနေပြီ။”ဟု ပြောသည်။

ယနေ့ မတ်လ ၁၃ ရက်အထိ သင်္ဃန်းညီနောင် စစ်ဗျူဟာ၊ ဝှေ့ရှမ်းရွာ၊ မယ်ထော်သလေး၊ လေးကကော် ၊ ရသေ့ဂူ၊ ပေါလော၊ သံပရာရွာဘက်တွင် KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေသတင်း အရင်းအမြစ်များက ပြောသည်။

ထိုသို့ မြို့ခံရပ်ကွက်နေပြည်သူများ မြို့တွင်းသို့ တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်ပူပန်မှုများရှိနေ သော်လည်း အပစ်ရပ်လက်နက်ကိုင်များ လုပ်ကိုင်နေသည့် ဒေသတွင်း အာဝါဒေးပွဲခင်းများမှာ ဆက်လက်၍ ပွဲသွင်းနေဆဲ ဖြစ်ကြောင်း မြဝတီမြို့ခံများက ပြောသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...