ဖားဆောင်းမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

ဖားဆောင်းမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

ကရင်နီ(ကယား)ပြည်နယ် ဖားဆောင်မြို့နယ်တွင် ကရင်နီတော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့နေရာအများအပြားကို ကရင်နီတော်လှန်ရေးပူးပေါင်း တပ်ဘက်မှ သိမ်းထားနိုင်ပြီဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

မတ်လ ၁ ရက်မှစ၍ ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး တပ်ကြား တိုက်ပွဲပြင်းထန်လာသည့်အတွက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်လာသောကြောင့် မတ်လ(၃)ရက်နေ့တွင်  မြို့ထဲကျန်ရှိနေသည့် အရပ်သားပြည်သူ (၂၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသလို (၅)ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရှေ့တန်းစစ်မြေပြင်ရှိ သတင်းအရင်းအမြစ်က “တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲ။ မြို့ထဲမှာတော့ ၉၀ ရာခိုင်နှုန်းလောက် ဒီဘက်ကဝင် သိမ်းနိုင်တယ်။ စစ်တပ်တွေက စခန်းမှာပဲ။ ဒီမနက်လည်း တိုက်လေယာဉ်လာသေးတယ်၊ ပစ်တော့မပစ်သွားဘူး ။ ၃ ရက်နေ့ လာပစ်တုန်းကတော့ လူထုတော်တော်ထိတယ်”ဟု ကေအိုင်စီသို့ ယမန်နေ့တွင် ပြောသည်။

ပြီးခဲ့သည့် မတ်လ ၅ရက်နေ့တွင် ဖားဆောင်းမြို့၏ စစ်ကောင်စီရဲစခန်းကိုလည်း ကရင်နီ တော်လှန် ရေးပူးပေါင်းတပ်ဘက်မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ရဲစခန်းတွင် ကျန်ရှိသည် လက်နက် အနည်းငယ်ကိုလည်း သိမ်းဆည်းရမိကြောင်း ၎င်းစစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

 “မနေ့က ရဲစခန်းသိမ်းလိုက်တယ်။ လေယာဉ်လာပစ်တာ အခေါက်ပေါင်းမနည်းဘူး ၊ အကြိမ်ရေတော်တော်များတယ်။  ရဲစခန်းထဲမှာ ရဲတွေမရှိတော့ဘူး။ သူတို့က စစ်ကောင်စီရဲ့ ၁၃၄ စခန်းကုန်းပေါ်မှာ သွားစုနေတယ်။ တချို့ကလည်းသေတာရှိတယ်”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း -ခလရ (၁၃၄)နှင့် ခလရ(၁၃၅)စခန်းနှစ်ခုမှ စစ်အင်အား ၁၅၀ ဝန်းကျင်ရှိကာ ယခုမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေဆုံးမှုများသလို မြို့နယ်ရှိ တပ်စခန်းများအားလုံး သိမ်းပိုက်နိုင်ရေးအတွက် ကရင်နီတော်လှန် ရေးတပ်ဘက်မှ ဆက်လက် တိုက်ခိုက်ဆဲဖြစ်ကြောင်း သိရသည်။

မြို့ပေါ်တွင် တိုက်ပွဲပြင်းထန်လာသည့်အတွက် ဒေသခံများမှာ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုတိုက်ခိုက်သောကြောင့် မြို့ပေါ်ရှိ လူနေအိမ်အများအပြားလည်း မီးလောင်ပျက်ဆီးခဲ့ရကြောင်း သိရသည်။

ထို့အပြင် မြို့ထဲရှိ နေရာအများအပြားတွင် စစ်ကောင်စီဘက်မှ မြေမြှုပ်မိုင်း အများအပြား ထောင်ထားပြီး မတ်လ(၁)ရက်နေ့က ဒေသခံ ပြည်သူလူထုများ တိမ်းရှောင် နိုင်ရန်အတွက် ကယ်ဆယ်ရေးဝင် ရောက်လုပ်ဆောင်သည့်အချိန်တွင်လည်း စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းအများအပြား ထုတ်ယူခဲ့ရကြောင်း Free Burma Rangers အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Photo: FBR

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...