တာမခံတိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ် နဲ့ စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေ

တာမခံတိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ် နဲ့ စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေ

တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ တာမခံတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုများပေမယ့် တပ်စခန်းလက်မလွတ်ရအောင် ရဟတ်ယာဉ် ၃ စီးနဲ့ စစ်အင်အားထပ်မံလာချသွားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မတ်လ ၆ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် ၃ စီးနဲ့ ဖားကန့် ကသိုဏ်းတောင်မှာ စစ်အင်အား ၃၀ ကျော်လာရောက်ချသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က KNG ကိုပြောပါတယ်။

“မနေ့ည ၄ နာရီလောက်မှာ ရဟတ်ယာဉ် ၃ စီးနဲ့ အင်အားထပ်လာချသွားတယ်။ တစ်စီးကတော့ လူမပါဘူး။ ၂ စီးက လူအင်အားပါတယ်။ အဲ့ဒီလာချသွားတဲ့ အဖွဲ့တွေက ဒီမနက်မှာ တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ထိုးလာတာ ကျနော်တို့နဲ့ ကသိုဏ်းတောင်အဆင်းနားမှာ တိုက်ပွဲပြန်ဖြစ်ကြတာ”လို့ပြောပါတယ်။

မတ်လ ၆ ရက် မနေ့ည လာချသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားနေတဲ့ တာမခံဘက်ကို စစ်ရေးလှုပ်ရှားထွက်လာခဲ့ချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဒီမနက် ၆ နာရီလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သူကဆက်ဆိုပါတယ်။

“တိုက်ပွဲပြန်ဖြစ်တဲ့နေရာက ကသိုဏ်းတောင်တာဝါတိုင်နားမှာ ဖြစ်တာ။ အခုက ခဏပြန်ငြိမ်နေကြတယ်။ သူတို့ဘက်ကနေ အင်အားထပ်ဖြည့်တယ်ဆိုတော့ ပြန်ဖြစ်ဖို့ပဲရှိတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ဖားကန့် ဘက်ကနေ တာမခံဘက်ကို စစ်ကူဝင်ရောက်လာကြတဲ့ ခလရ ၄၂ ၊ ခလရ ၁၂ ၊ ခလရ ၇၆ ပူးပေါင်းတပ် စစ်ကြောင်းတစ်ဖွဲ့က တာမခံရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနေရာတွေမှာ တပ်စွဲနေထိုင်ပြီးတော့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီတပ်ဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေက မတ်လ ၄ ရက်နေ့မှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ရှမ်းနီ SAN တပ်သား စုစုပေါင်း ၅၀ ကျော်သေဆုံးမှုရှိခဲ့ပါတယ်။

ဒါ့ကြောင့် လက်ရှိ ကသိုဏ်းတောင်မှာ စစ်အင်အားလာချသွားတဲ့ စစ်ကောင်စီတပ်တွေ ထပ်မံတိုက်ခိုက်ခံရပြီးတော့ ထိခိုက်သေဆုံးမှုအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။

တာမခံတိုက်ပွဲဖြစ်ပွားနေတာ ဒီကနေ့ အထိ ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပြီး တပ်စခန်းတစ်ခုသာကျန်ရှိနေတဲ့ တာမခံတပ်စခန်းကို KIA ဘက်က အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

တာမခံ တပ်စခန်းဟာ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေရဲ့ စစ်ရေးအရ စစ်ကိုင်းနဲ့ ဟုမ္မလင်းဘက်ကိုပါ ဆက်နွယ်ထားတဲ့ လမ်းကြောင်းဖြစ်တာကြောင့် စစ်ကောင်စီဘက်က စခန်းလက်မလွတ်ရအောင် လေကြောင်းနဲ့ နေ့စဉ် ဗုံးကျဲတိုက်ခိုက်နေသလို အင်အားပို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ဖားကန့်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဝှေခါနဲ့ နမ့်တိန့်တပ်စခန်းတွေကို KIA က သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တာမခံတပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ မတ်လ ၇ ရက်နေ့မှာလည်း မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် ဝိုင်းမော်နဲ့ ဒေါ့ဖုန်းယန်မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်တဲ့ တပ်စခန်းတွေကို KIA က ထိုးစစ်ဆင်တိုက်ပွဲ ဆင်နွှဲလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ဒေါ့ဖုန်းယန်၊ နွမ်လန့်၊ ကုန်းကော၊ မြို့သစ်၊ ခယာဘွမ့်၊ ဘွမ့်ရေဘွမ့်၊ အင်တပ့်ဘွမ့် နဲ့ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်နဲ့ အောင်မြေ(၁) အင်လုန်ခ ပြည်သူ့စစ်တပ်စခန်းနေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...