TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့ ညမထွက်ရအမိန့်ရုပ်သိမ်း

TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့ ညမထွက်ရအမိန့်ရုပ်သိမ်း

စစ်ကောင်စီက စစ်အုပ်ချူပ်ရေးကြေညာထားတဲ့ မြို့တွေအပါအဝင် TNLA ထိန်းချူပ်ထားတဲ့ မြို့ ၇ မြို့ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။

လက်ရှိ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ထားပြီး ထိန်းချူပ်နေပြီဖြစ်တဲ့ မြို့ ၇ မြို့ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း PSLF/TNLA က မတ်လ ၆ ရက် ဒီနေ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ထားတဲ့မြို့တွေကို ည ၉ နာရီကနေ မနက် ၆ နာရီ ၊ ည ၁၀ နာရီကနေ မနက် ၄ နာရီ စသဖြင့် ကန့်သတ်ချက်အမိန့်တွေကို ရုပ်သိမ်းလိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပြီး ခုလို နှစ်ဖက်တပ်အပြန်အလှန် ထုတ်ပြန်ချက် ထုတ်နေတဲ့အပေါ် ဒေသခံတွေက တိုက်ပွဲဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြပါတယ်။

“ဒေသခံပြည်သူတွေက စိုးရိမ်နေတယ်။ TNLA က သူတို့ရဲ့ ကန့်သတ်ချက် အမိန့်တွေကို ရုပ်သိမ်းကြောင်း ထုတ်ပြန်ချက်က ဒီနေ့မှ ထုတ်ပြန်လာတယ်။ ပြီးခဲ့တဲ့ရက်ကပဲ ဒီမြို့ကို စစ်တပ်ကလည်း မာရှယ်လောထုတ်ပြန်ထားတော့ စစ်တပ်တွေ လာပစ်အုံးမလားဆိုပြီး ဒေသခံပြည်သူတွေ အရမ်းစိုးရိမ်ပြီးနေနေတာ။” လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က TNLA သိမ်းပိုက် ထိန်းချူပ်ထားပြီဖြစ်တဲ့ မြို့တွေထဲက နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အဲဒီလို ကြေညာမှုအပြီး ဒီနေ့မှာတော့ TNLA ဘက်က ထိန်းချူပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ်ထဲက မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့ တွေကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အဲ့ဒီမြို့တွေထဲ နေနေတဲ့ ဒေသခံပြည်သူတွေကတော့ စစ်ကောင်စီဘက်ကမှ ပြန်လည်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“ဒေသခံပြည်သူတွေကတော့ ဘယ်သူ့ကိုမှ မယုံရဲဘူး။ ညမထွက်ရတွေ ရုပ်သိမ်းပြီပြောလည်း တကယ်တော့ ဘယ်သူမှ မထွက်ရဲပါဘူး။ ညမိုးချူပ်ပြီဆိုတာနဲ့ ကိုယ့်အိမ်ထဲမှာပဲ။ စိုးရိမ်မှုတွေရှိတော့ လွတ်လွတ်လပ်လပ် မသွားလာရဲဘူး။ TNLA ကတော့ စစ်တပ်က အဲ့လိုထုတ်ပြန်လည်း စိုးရိမ်စရာမလိုဘူးလို့တော့ ပြောတာပဲ။ အုပ်ချူပ်မှုယန္တရားပိုအဆင်ပြေအောင် သူတို့လုပ်ဆောင်မယ်ပေါ့။ ဒါပေမဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကတော့ နဂိုအတိုင်းပါပဲ။” ဟု နမ္မတူဒေသခံကပြောပါတယ်။

စစ်ကောင်စီဘက်က ရှမ်းပြည်မြောက်ပိုင်းထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့တွေအပါအဝင် စုစုပေါင်း မြို့နယ် ၁၃ ခုကို စစ်အုပ်ချူပ်ရေး မာရှယ်လော ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းဟာ TNLA ထိန်းချူပ်ထားတဲ့ မြို့တွေထဲက ပြည်သူလူထုကို ထိပ်လန့်စေရန် ရည်ရွယ် ဆောင်ရွက်လာခြင်း ဖြစ်တယ်လို့လည်း TNLA ကထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ တရုတ်ကြားဝင်စေ့စပ် ဦးဆောင်မှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ရှမ်းမြောက်ပိုင်းဒေသကို အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...