သတင်းသမား ဖိုးသီဟအပါအဝင် အရပ်သား ၇ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်မှုအပေါ် သတင်းမီဒီယာကောင်စီ ရှုတ်ချ

သတင်းသမား ဖိုးသီဟအပါအဝင် အရပ်သား ၇ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်မှုအပေါ် သတင်းမီဒီယာကောင်စီ ရှုတ်ချ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၃၇၈) တပ်ရင်းတွင် သတင်း သမား ဖိုးသီဟအပါအဝင် အရပ်သား ၇ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့်အပေါ် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM က ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ မတ်လ ၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းသမားဖိုးသီဟအပါအဝင် အရပ်သား ၇ ဦးကို မြောက်ဦးမြို့ရဲစခန်းတွင် မတရားဖမ်းဆီးချုပ်နှောင်ခံပြီးနောက် တရားဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ စစ်ကောင်စီ (ခမရ-၃၇၈) သို့ ပြောင်းလဲချုပ်နှောင်ကာ တပ်ရင်းအနီး ဆေးခန်းရှိ ဗုံးခိုကျင်း ထဲသို့ခေါ်သွားကာ သေနတ်ဖြင့် ပစ်သတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သက်သေထွက်ဆိုထားသည့်ရုပ်သံကို ရက္ခိုင်တပ်တော်(AA) က ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

IPCM ၏ ဥက္ကဌ နန်းဖော့ဂေက “သတင်းထောက် ဖိုးသီဟ အပါအဝင် အရပ် သား ၇ဦးကို ဖမ်းဆီး သတ်ဖြတ် တဲ့လုပ်ရပ်မျိုးဟာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်သလို အပြစ်မရှိတဲ့ အရပ်သားပြည်သူကို အုပ်ချုပ်သူအမည်ခံ လက်နက်ကိုင်တွေက ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ IPCM အနေနဲ့ ကောက်ချက်ချပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ် အာဏာသိမ်းမှုမှစ၍ ယနေ့အထိ ဖမ်းဆီး ထိန်းသိမ်း ထောင်ချခံရသူ သတင်းသမားစုစုပေါင်း ၁၇၀ ဦးရှိပြီး သတင်းသမား ၁၁၈ ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့ကာ ကျန်ရှိနေသည့်သတင်းသမား ၅၂ ဦးမှာမူ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျ ခံနေရဆဲ ဖြစ်သည်ဟု IPCM က ဖော်ပြထားသည်။

၎င်းအပြင် သတင်းသမားများအပေါ် လွတ်လပ်စွာသတင်းရယူတင်ဆက်ခြင်းအပေါ် ဟန့်တားမှုဖြစ်စေသည့် မည်သည့် တားဆီးနှောင့်ယှက်မှု၊ ဖမ်းဆီးထောင်ချမှုများကိုမဆို ပြင်းထန်စွာရှုတ်ချပြီး မတရားဖမ်းဆီးခံထားရ ဆဲ သတင်းသမားများအားလုံးကိုလည်း ခြွင်းချက်မရှိပြန် လွှတ်ပေးရန် IPCM က တောင်းဆိုထားသည်။

ထိုသို့ သတင်းသမားများ၏ လုံခြုံရေးအတွက် တိုင်းရင်းသား အစုအဖွဲ့ များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးလုပ်ဆောင်မှုများ ပြုလုပ်နေကြောင်းလည်း IPCM ၏ ဥက္ကဌ နန်းဖော့ဂေက ဖြည့်စွက်ပြောဆိုသည်။

“IPCM အနေနဲ့က မြန်မာနိုင်ငံမှာ သတင်းသမားတွေ မီဒီယာကျင့်ဝတ်နဲ့အညီ လိုက်နာဖို့၊ သတင်းသမား ဘေးကင်း လုံခြုံရေးအတွက် မတူတဲ့နယ်မြေဒေသက တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့နဲ့ မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို အရပ်ဖက်အဖွဲ့တွေ၊ လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ အစုအဖွဲ့တွေအပြင် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်နေပါတယ်”ဟု IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက ပြောသည်။

အလားတူ စစ်ကောင်စီတပ်သည် အပြစ်မဲ့သတင်းသမားများအပါအဝင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု များ၊ မတရားဥပဒေဖြင့် ဖမ်းဆီးထောင်ချခြင်းများကို ကျူးလွန်ခဲ့ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လူ အခွင့်အရေးကိုချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း IPCM ၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...