ရခိုင်တွင် တစ်နှစ်အတွင်း နယ်စပ်ဖြတ်ကျော် မွတ်ဆလင်ဒုက္ခသည် ၂၀၀ ကျော် ဖမ်းဆီးခံရ

ရခိုင်တွင် တစ်နှစ်အတွင်း နယ်စပ်ဖြတ်ကျော် မွတ်ဆလင်ဒုက္ခသည် ၂၀၀ ကျော် ဖမ်းဆီးခံရ
ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖမ်းဆီးခံရသည့် နယ်စပ်ဖြတ်ကျော် မွတ်ဆလင်ဒုက္ခသည်များ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖမ်းဆီးခံရသည့် နယ်စပ်ဖြတ်ကျော် မွတ်ဆလင်ဒုက္ခသည်များ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မွတ်ဆလင် ဒုက္ခသည် ၂၂၁ ဦး ဖမ်းဆီးခံခဲ့ရသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ သံတွဲနှင့် အမ်းမြို့နယ်တို့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အမျိုးသား ၁၅၆ ဦး၊ အမျိုးသမီး ၆၅ ဦးဖြစ်သည်။ ယင်းအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၉ ဦး ထက်မနည်းရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ “ရခိုင်နေ့စဉ်” တွင် ဖော်ပြချက်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များမှာ စခန်းအတွင်း စားဝတ်နေရေးကျပ်တည်းမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ဘဝရှေ့ရေးအတွက် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံမှတစ်ဆင့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း စသည့် ပြည်ပနိုင်ငံများသို့ သွားနေကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ကိုအောင်မြိုင်က “ဒီမှာနေရတဲ့ ဒုက္ခသည်တွေဟာ မျိုးစုံသော အခက်အခဲတွေနဲ့ သေမထူးနေမထူးနေကြရတာ။ ကိုယ့်နေရပ်ကို ဘယ်နေ့ပြန်ရမယ်ဆိုတာ မသေချာဘူး။ ပြန်ခွင့်ရခဲ့မယ်ဆိုရင်တောင် လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့်ရမလား၊ ဒါတွေက မသေချာဘူး၊ ဒါကြောင့် ပြည်ပကိုထွက်ခွာဖို့ ကြိုးစားကြတာဖြစ်တယ်” ဟု က ပြောသည်။

မွတ်ဆလင်ဒုက္ခသည်များမှာ ပြည်ပနိုင်ငံများကို သွားရောက်ကြရာတွင် သက်ဆိုင်ရာအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံရပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မများဖြင့် အရေးယူခြင်းများကို ကြုံတွေ့နေရသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ရဲကင်းစခန်းများကို ARSA အဖွဲ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနာက် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာက ပြောဆိုထားပြီး မြန်မာအာဏာပိုင်များက ၅ သိန်းကျော်သာရှိသည်ဟု ထုတ်ပြန်ထားသည်။

မွတ်ဆလင်ဒုက္ခသည်များအား ပြန်လက်ခံရေးဆောင်ရွက်နေသည့် စစ်ကောင်စီသည် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများကို ဖမ်းဆီးထောင်ချမှုအပြင် ရခိုင်ပြည်အတွင်းရှိ မွတ်ဆလင်များကိုလည်း တစ်နေရာမှ တစ်နေရာသို့ သွားလာခွင့် ကန့်သတ်ထားသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် မွတ်ဆလင်ဒုက္ခသည် အမျိုးသား ၁၀၈ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာတကာနဲ့ စစ်ကောင်စီတို့ တွေ့ဆုံညှိနှိုင်းခဲ့ကြတာလည်း အကြိမ်ပေါင်း မနည်းဘူး။ ဒါပေမဲ့ ပြန်လည်နေရာချထားရေးနဲ့ပတ်သက်ပြီး ဘာမှဖြစ်မလာသေးတာဟာ စစ်ကောင်စီက စစ်မှန်တဲ့သဘောနဲ့ မဟုတ်ဘဲ ဟန်ပြလုပ်နေလို့ပဲဖြစ်တယ်” ဟု မြေပုံမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ၃ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ နှင့် နိုဝင်ဘာလ ၁ ရက်တို့တွင် ရခိုင်ပြည်နယ်စစ်ကောင်စီ လူမှုရေးဝန်ကြီး ဦးစောနိုင် ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်မြို့သို့ သွားရောက်ကာ ဒုက္ခသည်များအပါအဝင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ဆွေးနွေးခဲ့ကြသည်။

စစ်ကောင်စီအနေဖြင့် ဒုက္ခသည်ပြန်လည်လက်ခံရေးကို သေသေချာချာ မဆောင်ရွက်နိုင်သေးသမျှ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ ဆက်ရှိနေအုံးမည်ဖြစ်ကာ ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ လက်ရှိတိုက်ပွဲများကြောင့်လည်း ဒုက္ခသည်များနေရပ်ပြန်နိုင်ရေးမှာ အလှမ်းဝေးနေအုံးမည်ဟု မွတ်ဆလင် အသိုင်းအဝန်းများက ပြောဆိုကြသည်။

ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...