အင်ဂျန်းယန်မြို့အတွင်းက စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်းတစ်ခုလုံးက တာဝန်ကျတပ်သားများ လုံခြုံရေးကြောင့် တပ်စခန်းများမှ စွန့်ခွာ

အင်ဂျန်းယန်မြို့အတွင်းက စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်းတစ်ခုလုံးက တာဝန်ကျတပ်သားများ လုံခြုံရေးကြောင့် တပ်စခန်းများမှ စွန့်ခွာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူအားလုံး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တပ်စခန်းတွေကနေ အသီးသီးထွက်ခွာသွားကြပြီလို့ အင်ဂျန်းယန်ဒေသခံ ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အင်ဂျန်းယန်မြို့နယ်အတွင်းက အင်ဂျန်းယန်မြို့ထိပ်နဲ့ ဇွပ်မိုင်ယန်(၁၆မိုင်)စစ်ကောင်စီတပ်စခန်းတွေမှာ စစ်ကောင်စီတပ်သားတွေအပြင် ပြည်သူ့စစ်တွေပါ ပူးပေါင်းတပ်စွဲနေပြီး အင်အားစုစုပေါင်း ၁၀၀ ကျော်ရှိတဲ့အပြင် ရဲစခန်းမှာတော့ ရဲတပ်သား ၁၀ ယောက်ကျော်လောက် နေထိုင်တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ကနေ ပစ္စည်းရွှေ့တာတွေ လုပ်ဆောင်နေပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ တပ်စခန်းတွေကနေ ရွှေ့ပြောင်းသွားကြတာ ဖြစ်တယ်လို့ အင်ဂျန်းယန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

" အရှင်းကို ရွှေ့သွားကြပြီ။ ရဲတွေရော၊ စစ်သားတွေရော အရှင်းဟုတ်ပြီ။ ရဲစခန်းကတော့ သပ်သပ်ဟုတ်တယ်"လို့ ဒေသခံက ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်စခန်းဟာ အင်ဂျန်းယန်မြို့နယ်အတွင်း တပ်ခန်းချနေထိုင်တာ ၂ နှစ်လောက်ရှိနေပြီဖြစ်ပြီး စခန်းစထိုင်ချိန်က မိုးညှင်းတပ်ရင်း ၁၄၀ က တပ်သားတွေ ဝင်ရောက်နေထိုင်တယ်လို့ ကြားသိရပေမဲ့ လက်ရှိအချိန်မှာတော့ ပြည်သူ့စစ်စစ်သားတွေပါ ပူးပေါင်းနေထိုင်နေတဲ့အတွက် တပ်ရင်းဘယ်လောက်က တပ်သားတွေ ပါဝင်တယ်ဆို အတိအကျပြောဆိုဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက် ၇ နာရီအချိန်အထိ နောက်ဆုံးရရှိထားတဲ့ သတင်းအရ အထက်ပါ စစ်ကောင်စီ တပ်သားတွေဟာ အင်ဂျန်းယန်မြို့အနီးက ဂွေထော်တပ်စခန်းမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အခုလို အင်ဂျန်းယန်တပ်စခန်းတစ်ခုလုံး ရွှေ့ပြောင်းသွားတာဟာ စားနပ်ရိက္ခာသယ်ယူရရှိဖို့ အခက်အခဲရှိတာတွေ၊ တပ်အပြောင်းအရွှေ့လုပ်ဖို့ လမ်းခရီး ခက်ခဲတာတွေကြောင့် ရွှေ့ပြောင်းသွားတာ ဖြစ်နိုင်တယ်လို့လည်း အထက်ပါ ဒေသခံက ဆက်လက်ပြောပါတယ်။

"သူတို့က ကြားမှာနေသလို ဖြစ်သွားတာ။ သူတို့သွားလမ်းမှာ KIA ဘက်က တပ်စခန်းအကြီး ထိုင်လိုက်တော့ အစားအသောက်သယ်ယူဖို့ ခက်သွားတာ။ ကုန်ကားတွေတော့ ရှိပေမဲ့ စားနပ်ရိက္ခာ မလုံလောက်တော့ဘူး။ အပြင်ကိုလည်း သူတို့ထွက်မရဘူး။ တောထဲ တပ်ထဲမှာပဲ နေရတော့ ဒုက္ခအရမ်းရောက်လို့နေမယ်"လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် အခုလို တပ်ရင်းတစ်ခုလုံး ရွှေ့ပြောင်းချိန် လမ်းခုလတ်တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ခြင်းမရှိတာဟာ စစ်ကောင်စီတပ်ကနေ အပြီးအပိုင်ရွှေ့ပြောင်းတော့မှာ ဖြစ်တဲ့အကြောင်း KIA ဆီ ညှိနှိုင်းမှုတွေ ရှိခဲ့တဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

အထက်ပါ ကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...