လမ်းခရီးကန့်သတ်ထားမှုကြောင့် ရခိုင်က မြို့နယ်တချို့တွင် ဆေးဝါးပြတ်လပ်မှုနှင့် စတင်ကြုံတွေ့

လမ်းခရီးကန့်သတ်ထားမှုကြောင့် ရခိုင်က မြို့နယ်တချို့တွင် ဆေးဝါးပြတ်လပ်မှုနှင့် စတင်ကြုံတွေ့
စစ်တွေမြို့မှ ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။
စစ်တွေမြို့မှ ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် စစ်ကောင်စီက လမ်းခရီးသွားလာခွင့်ကန့်သတ်ထား၍ ရသေ့တောင်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားမြို့နယ်တို့တွင် ဆေးဝါးပြတ်လပ်မှုနှင့် စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ မြို့ပေါ်ဆေးဆိုင်များတွင် သွေးကြောသွင်းဆေးရည်၊ ဆီးချို၊ နှလုံးအားတိုးဆေး၊ သွေးတိုးကျ ဆေး၊ ပါရာကဒ်၊ ဘိုင်အိုဂျက်၊ ဆီထရိန်းစသည့် ဆေးဝါးများပြတ်လပ်နေပြီဖြစ်ကြောင်း ဆေးဆိုင်ပိုင် ရှင်များက ပြောသည်။

မင်းပြားမြို့မှ ဆေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက “လမ်းပိတ်ထားတော့ အရေးကြီးတဲ့ ဆေးဝါးတွေကို အလုံးအရင်းနဲ့ဝယ်ကြတော့ ဆေးတော်တော်များများကကုန်သွားပြီ။ လမ်းဆက်ပိတ်ထားရင်တော့ အခုကျန်နေတဲ့ ဆေးတွေလည်း တစ်ပတ်အတွင်း အကုန်လုံးကုန်သွားတော့မှာ။” ဟု ပြောသည်။

မောင်တောခရိုင်တွင် မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ဆေးဝါးများပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီဖြစ်ကာ ဆေးဝါးဈေးနှုန်းလည်း မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

မြို့ပေါ်ဆေးခန်းများတွင် သာမာန်ဖျားနာ၊ ချောင်းဆိုးနေမကောင်းရာတွင် အသုံးပြုသည့်ဆေးဝါများ ရှာ၍မရတော့ကြောင်း ဘူးသီးတောင်မြို့မှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆေးခန်းတွေမာဆေးမရှိလို့ အပြင်က ဝယ်ရတဲ့အနေထား ရှိပါတယ်။ ပြင်ပဆေးဆိုင်တွေမှာလည်း မစုံတော့ဘူး။ ပြတ်တာကတော့ အကုန်လုံး ပြတ်နေပါပြီ။ ဆေးဝါးကော စားသောက်ကုန်ကောပါတယ်။” ဟု ၎င်းကျန်းမာရေးဝန်ထမ်းက ပြောသည်။

ကျေးလက်ဒေသများတွင်လည်း ဆေးဝါးများပြတ်လပ်နေပြီဖြစ်ကာ လမ်းခရီးပိတ်ထားသည့်အတွက် မြို့ပေါ်သို့ ကူးသန်းသွားလာ၍ မရသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

စစ်ကောင်စီက လမ်းခရီးဆက်လက်ကန့်သတ်ပိတ်ပင်ထားပါက ကျေးလက်ဒေသများတွင် ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုထားကြသည်။

“မောင်တောဘက်ကိုလည်း သွားလို့မရဘူး။ မြို့ကိုလည်း သွားလို့မရဘူး။ ခက်ခဲမှုကတော့ အများကြီး ရှိပါတယ်။ မြို့ပေါ်ဒေသတွေမှာဆို ဆေးဆိုင်တွေ အများကြီးရှိတော့ ဖြစ်သလိုလုပ်လို့ရသေးတယ်။ ရွာမှာက မသောက်ပဲနေရမှာ။” ဟု ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုကို ပိတ်ဆို့ကာ မြို့အဝင်အထွက်ဂိတ်အားလုံးကိုလည်း ကန့်သတ် ပိတ်ပင်ထားသည်။

လက်ရှိ ခရီးသွားလာခွင့်ကန့်သတ်ထားသည်မှာ ၈ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပြီး ဒေသခံများမှာ စားနပ်ရိက္ခာအခက်အခဲ၊ အခြေခံစားစားသောက်ကုန်နှင့် ဆေးဝါးပြတ်လပ်မှုဒဏ်ကို ခံစားနေရပြီဖြစ်ကာ  အချိန်ကြာမြင့်လာသည့်နှင့်အမျှ ယခုထက် ပိုဆိုးရွားလာနိုင်သည်။

ပေါက်တောမြို့နယ်၊ သရက်ကျေးရွာသားတစ်ဦးက “ဒီရွာမှာ ဆေးဝါးလည်း မရှိတော့ဘူး။ စားစရာတွေလည်း မရှိတော့တဲ့ အခြေအနေရောက်နေပါတယ်။ လမ်းပိတ်ထားတော့ ဘာမှ ဝယ်လို့မရဘူး။ ဒီထက်ပိတ်ထားရင် ဒီထက်ဆိုးလာနိုင်ပါတယ်။” ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ထားမှုကြောင့် NGO/INGO နှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ လူသားချင်းစာမှုဆိုင်ရာ လုပ်ငန်းများလည်း ရပ်တန့်နေသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...