ရခိုင် မြို့အချို့မှာ စစ်ကောင်စီ တပ်စခန်းသစ်များ တိုးချဲ့

ရခိုင် မြို့အချို့မှာ စစ်ကောင်စီ တပ်စခန်းသစ်များ တိုးချဲ့

ရခိုင်ပြည်အတွင်း နိုဝင်ဘာလ ၁၃ ရက်မှစပြီး ပြင်းထန်လာသော တိုက်ပွဲများနှင့်အတူ မြို့တစ်ချို့မှာ စစ်ကောင်စီက တပ်စခန်းအသစ်များ တိုးချဲ့နေကြောင်း မြို့ခံများထံမှ သိရသည်။

ရသေ့တောင်၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့တို့တွင် တပ်စခန်းအသစ်များ တိုးချဲ့ကာ လက်နက်အင်အား၊ လူအင်အားများဖြင့် နေရာယူထားကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့ဝင် ရေကြောင်း၊ ချောင်းကြောင်းတို့တွင် တပ်စခန်းအသစ် ၇ ခုကို ယခုရက်ပိုင်းတွင် တပ်စွဲထားကာ မြို့အတွင်းမှာလည်း နေ့ရောညပါ ကင်းလှည့်နေကြောင်း ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရခိုင်မှာ တိုက်ပွဲစဖြစ်ပြီးမှ စစ်ကောင်စီက ကျောက်ဖြူမြို့မှာ ယာယီစခန်းပုံစံမျိုး အသစ်စွဲထားတာ ၇ ခု လောက်ရှိတယ်။ အဓိက မြို့ဝင်ပေါက်၊ ထွက်ပေါက်တွေဖြစ်တဲ့ မြစ်ကမ်းပါးနဲ့ ချောင်းကမ်းပါးတွေမှာ တပ်စွဲထားကြတာ” ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပါအဝင် ဒေသခံ ၄ ဦးထက်မနည်းကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးထားသည်။

အလားတူ ရမ်းဗြဲမြို့တောင်ဖက်ရှိ သိမ်တောင်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ အင်အား ၃၀ ကျော် က ယာယီတပ်စွဲကာ နေထိုင်လျက်ရှိကြောင်း သိရသည်။

ရမ်းဗြဲမြို့ခံ အမျိုးသားတစ်ဦးက “တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်လောက်က မြို့ရဲ့တောင်ဖက်မှာရှိတဲ့ သိမ်တောင်မှာ တပ်စွဲထားတာကို တွေ့ရတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့တွင်လည်း လုံခြုံရေးကို ယခင်ကထက် တင်းကျပ်ထားပြီး အရပ်သားနှင့် ကျောင်းသားများအား လိုက်လံဖမ်းဆီးမှုများ ရှိနေသည်။

စစ်တွေမြို့ခံတစ်ဦးက “တိုက်ပွဲစတင်တဲ့နေ့မှာ စစ်ကောင်စီက အင်အားပြတဲ့အနေနဲ့ တင့်ကားတွေနဲ့ လှည့်လည်သွားပြတာတွေရှိသလို လမ်းတွေမှာလည်း လုံခြုံရေး အချိန်ပြည့် တင်းကျပ်ထားတယ်။ အခုလို လုံခြုံရေးကို တင်းတင်ကျပ်ကျပ်ကို စစ်ဆေးနေတာကြောင့် အပြင်ထွက်ဖို့တောင် စိုးရိမ်လာရတဲ့အခြေအနေမှာရှိတယ်” ဟု ပြောသည်။

ရသေ့တောင်မြို့တွင်လည်း စစ်ကောင်စီ တပ်စခန်းသစ် ၃ ခုကို မြို့အတွင်း တပ်စွဲထားသဖြင့် မြို့ခံများမှာ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ကာ တိမ်းရှောင်နေကြကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ရသေ့တောင်မြို့မှာတော့ တိုက်ပွဲဖြစ်ပွားပြီးနောက် စေတီတောင်၊ စည်ကားတောင်နဲ့ ကမ်းနားလမ်းမှာ တပ်စွဲထားတာရှိတယ်။ စစ်ကောင်စီက အခုလို တပ်စွဲထားတာကြောင့် မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်လို့ မြို့ခံအများစုကတော့ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပြီ” ဟု သူကပြောသည်။

ပေါက်တောမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရဲစခန်း၊ ထွေအုပ်ရုံး၊ လောကထိပ်ပန်ဘုရားနှင့် မြို့ဝင်/ထွက်များတွင် တပ်စွဲနေရာယူထားကြောင်း သိရသည်။

အခြား ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား စသည့် မြို့များတွင်လည်း စစ်ကောင်စီက ညအချိန် မြို့ပတ်ကာ လက်နက်ပစ်ခတ်မှုများ ရှိနေသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်စခန်း ၃ ခုကို AA က သိမ်းပိုက်ရရှိထားပြီး ဘူးသီးတောင်၊ မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ပြင်းထန်နေသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...