လမ်းပိတ်ထားသဖြင့် စစ်တွေတွင် ပညာရေးဝန်ထမ်း ၁,၀၀၀ ကျော် ပိတ်မိနေ

လမ်းပိတ်ထားသဖြင့် စစ်တွေတွင် ပညာရေးဝန်ထမ်း ၁,၀၀၀ ကျော် ပိတ်မိနေ
စစ်တွေမြို့တွင် သင်တန်းလာတက်သည့် ဆရာ၊ ဆရာမတချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
စစ်တွေမြို့တွင် သင်တန်းလာတက်သည့် ဆရာ၊ ဆရာမတချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရခိုင်ပြည်၊ စစ်တွေမြို့တွင် GRADE-9 စွမ်းရည်မြှင့်သင်တန်းလာတက်သည့် ပညာရေးဝန်ထမ်း ၁,၀၀၀ ကျော်မှာ စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်လိုက်မှုကြောင့် နေရပ်ပြန်ရန် အခက်ကြုံတွေ့နေကြသည်။

နိုဝင်ဘာ ၁၀ မှ ၁၂ ရက်ထိ သုံးရက်တာသင်တန်းပြီးဆုံးပြီး နောက်တစ်နေ့တွင် တိုက်ပွဲများစဖြစ်လာ၍ မြို့အဝင်အထွက်များနှင့် ကုန်လမ်း၊ ရေလမ်းခရီးသွားလာမှုများကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

“သင်တန်းက ညနေ ၃ နာရီလောက်မှပြီးတာဆိုတော့ ခရီးဝေးက ဆရာ၊ ဆရာမတွေ မပြန်ဖြစ်ကြဘူး။ အနီးအနားကလူတွေနဲ့ အရေးကြီးကိစ္စရှိသူတွေလောက်ပဲ ပြန်သွားကြတာ။ အခုလိုလမ်းပိတ်လိုက်တော့ ကျန်တဲ့သူတွေပြန်လို့မရတော့ဘူး” ဟု မြောက်ဦးမြို့နယ်မှ အလယ်တန်းပြဆရာတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် ပိတ်မိနေကြသည့် ဆရာ၊ ဆရာမ စုစုပေါင်း ၁,၀၀၀ ကျော်ထဲမှာ မြောက်ဦးမြို့နယ်မှ ၃၀၀ ကျော်၊ ကျောက်တော်မြို့နယ်မှ ၂၀၀ ကျော်၊ ရသေ့တောင်မြို့နယ်မှ ၂၀၀ ကျော်နှင့် မောင်တောမြို့နယ်မှ ၃၅၀ ကျော်၊ ဘူးသီးတောင်မြို့နယ်မှ ၁၀၀ ကျော်အပြင် အခြားမြို့နယ်များမှလည်း ပါဝင်ကြောင်းသိရသည်။

မောင်တောမြို့မှ အလယ်တန်းပြဆရာမ ဒေါ်နှင်းနွယ်က “ကျမတို့က ရက်တိုသင်တန်းလာတာဆိုတော့ ပိုက်ဆံလည်း အများကြီးမပါဘူး။ မနေ့ကစလို့ ထမင်းစားစရိတ်တွေလည်း ဈေးတက်သွားတယ်။ ထမင်းတနပ်စားဖို့ ၆၀၀၀ လောက် ကုန်တယ်။ အခုက ဘယ်နေ့ဘယ်အချိန်ထိနေရမှာလည်း မသိဘူး” ဟု ပြောသည်။

စစ်ကောင်စီက လမ်းခရီးသွားလာခွင့် မပိတ်ဆို့မီ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့မှ ထွက်ခွာခဲ့ကြသော မြေပုံ၊ မင်းပြားမြို့နယ်မှ ဆရာ၊ ဆရာမ ၆၀ ကျော်မှာလည်း ဆက်သွား၍မရသဖြင့် မြောက်ဦးမြို့ပေါ်ရှိ ရတနာ့မာန်အောင်ဓမ္မာရိပ်သာ၌ ယာယီခိုလှုံနေရသည်။

“ကျနော်တို့က မနက်အစောကြီးကားနဲ့လိုက်လာကြတာ မြောက်ဦးမှာပိတ်မိသွားပါတယ်။ မြို့အထွက်ဂိတ်က လုံးဝသွားလို့မရတော့ ဒီနေ့လည်း မပြန်ရသေးဘူး” ဟု ပိတ်မိနေသူထဲတွင်ပါဝင်သည့် မြေပုံမြို့နယ်မှ အလယ်တန်းပြဆရာတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်းထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

“ပညာရေးဌာနအနေနဲ့ ဝန်ထမ်းတွေသွားလာလို့ရအောင် ထောက်ခံချက်နဲ့ဖြစ်စေ၊ တနည်းနည်းနဲ့ သွားလို့ရမယ့်လမ်းကြောင်းကို စီစဉ်ပေးစေချင်ပါတယ်။ ကျမတို့ ကိုယ့်အစီအစဉ်နဲ့ ပြန်သွားရင်လည်း လမ်းမှာတစ်ခုခုဖြစ်သွားရင် ကိုယ်ပဲခံရမှာ” ဟု မောင်တောမြို့နယ်မှ ဆရာမတစ်ဦးက ပြောသည်။  

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့ကြပြီး ယခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...