ရွှေကူမြို့ အဝင်အထွက်မှာ စစ်တပ်က ဝါးတားဂိတ်တွေလုပ်ပြီး အစစ်အဆေး တင်းကြပ်နေ

ရွှေကူမြို့ အဝင်အထွက်မှာ စစ်တပ်က ဝါးတားဂိတ်တွေလုပ်ပြီး အစစ်အဆေး တင်းကြပ်နေ

ကချင်ပြည်နယ် ရွှေကူမြို့ရဲ့ မြို့အဝင်အထွက် နေရာနှစ်နေရာမှာ စစ်ကောင်စီတပ်က ဝါးတားဂိတ်တွေ လုပ်ပြီး လမ်းသွားလမ်းလာ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေ တင်းကြပ်နေတယ်လို့ ရွှေကူမြို့ခံတွေ က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အထက်ဘက် ဗန်းမော်ဘက်ခြမ်းမှာရှိတဲ့ အထက်လေး လမ်းဆုံ မြို့အဝင် နေရာ တစ်နေရာနဲ့ ရွှေကူမြို့အောက်ဘက် မန္တလေးဘက်ခြမ်းက အောက်လေးလမ်းဆုံ မြို့အထွက်ပေါက် နေရာနှစ်ခုမှာ လွန်ခဲ့တဲ့အပတ် သောကြာနေ့ကတည်းက အစစ်အဆေး တင်းကြပ်နေတာဖြစ်တယ်လို့ ရွှေကူမြို့ခံ အမျိုးသား တစ်ဦး က KNG ကို ပြောပါတယ်။

“စ စစ်နေတာ မဟုတ်ဘူး။ စစ်ကိုစစ်နေပြီး စစ်တာမှ အတော်လေးကို စစ်နေတာ။ ဘာလို့မှန်း မသိဘူး။ အထက် လေး လမ်းဆုံကော အောက်လေးလမ်းဆုံဘက်ကောပါ့။ အောက်လေးလမ်းဆုံက မနေ့ကနေ ပို ပိုစစ်နေတယ်။ ဘယ်သွားမလဲ ဘယ်ကလဲ မေးတယ်။ ပစ္စည်းတွေ ဝင်စစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အထက်လေးလမ်းဆုံ၊ အောက်လေးလမ်းဆုံဘက်ကို အင်အား ၈၀ ဝန်းကျင်လောက်နဲ့ မနက် ၆ နာရီလောက်ကနေ ၅နာရီခွဲလောက် အထိ အောက်တိုဘာလ ၂၃ ရက်နေ့၊ မနက်ပိုင်းအထိ စစ်ဆေးနေတာဖြစ်ပြီး အခုလို အစစ်အဆေးများနေတာကြောင့် ဒေသခံတွေ သွားလာရခက်ခဲနေတယ်လို့လည်း ဆိုကြပါတယ်။

အောက်လေးလမ်းဆုံဘက်မှာနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက “အထက်လေးလမ်းဆုံတော့ သူတို့ ညအိပ်လား မအိပ်လား မသိဘူး။ အောက်လေးလမ်းဆုံကတော့ အင်အား ၈၀ လောက်ရှိတယ်။ သူတို့ အဲ့မှာ ယာယီတပ်ချပြီး မှ စစ်နေတာ။ ကားဆိုင်ကယ် အကုန်စစ်တယ်။ မလွတ်ဘူး” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်တွေ အနေနဲ့ စစ်ဆေးရေးတင်းကြပ်လာတာဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ရွှေကူ တပ်ရဲ့ အချက်အခြာကျတဲ့ တာဝါတိုင်ကုန်း (ကြေးနန်းကုန်း) တပ်စခန်းကို KIA၊ KPDF၊ LPDF ပူးပေါင်းတပ်တွေ အလစ်အငိုက် ဝင်တိုက်ပြီး စခန်းကုန်းတစ်ခု သိမ်းခံလိုက်ရတာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေ ကြပါတယ်။

ဒါ့အပြင်  ရွှေကူမြို့တွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ အင်အားတွေ ဖြည့်တင်းနေပြီး ကင်ပုန်းဝပ်တာတွေ လည်း ရှိနေတယ်လို့ ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

“သူတို့က မြို့ကို ကာချင်နေတာ နေမယ်။ အခုမြို့ထဲမှာ အင်အားတွေ အများကြီးပဲ။ ကျွန်မတို့ အမှတ် ၂ ရပ်ကွက် သင်္ချိုင်းကုန်းနားက တာဝါတိုင်မှာလည်း ၅၀ လောက် ရောက်နေတယ်။ ဟိုနေ့ကတည်းကပဲ ကင်းပုန်းချနေတာ မြို့တွင်း တခြားနေရာတွေမှာလည်း အတူတူပဲတဲ့ ကင်းပုန်းတွေချထားတာ” လို့ သူက ပြောပါတယ်။

ရွှေကူမြိုနယ်ဟာ စစ်ကိုင်း - ကချင် အစပ် ဧရာဝတီမြစ်ကြောင်း နံဘေးမှာရှိတဲ့ မြို့နယ်ဖြစ်ပြီး KIA၊ PDF တွေ အားကောင်းတဲ့ နယ်မြေဖြစ်သလို ပြီးခဲ့တဲ့ ဩဂုတ်လမှာလည်း ရွှေကူကျောက်ကြီး စခန်းကို KIA၊ PDF ဘက်က ဝင်ရောက်တိုက်ခိုက်လို့ စစ်တပ်ဘက်က အထိနာနေတာလည်း ဖြစ်ပါတယ်။

ပုံစာ- ရွှေကူမြို့အဝင်တစ်နေရာ (ပုံဟောင်း)

ကသာမြို့နယ်အတွင်းမြင်တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ Photo - Crd
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီးက တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို...
March 28, 2026
ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ထဲမှာ ဆယ်စုနှစ်တစ်ခုအကြာအထိ...
March 27, 2026
စက်သုံးဆီစျေးမြင့်တက်လာတဲ့အတွက် မြစ်ကြီးနား–မန္တလေးကားခ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း)...
March 26, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားသော်လည်း...