တာမခံစစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ရွာ ၃ ရွာက ပြည်သူတွေ ရွာလုံးကျွတ်ပြေးနေရ

တာမခံစစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ရွာ ၃ ရွာက ပြည်သူတွေ ရွာလုံးကျွတ်ပြေးနေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံကျေးရွာရှိ စစ်ကောင်စီ စစ်တပ်ကုန်းမှ လက်နက်ကြီးတွေ ရမ်းသမ်းပစ် ခတ်နေတာကြောင့် တာမခံရွာအနီးက ရွာ ၃ ရွာမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ ပါတယ်။

စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ကတည်းကနေ တာမခံကျေးရွာ စစ်တပ်ကုန်းကနေ နန့်ရေတောင်၊ စကားဝါ၊ ခေါ့ခေါ်ကျေးရွာတွေဘက်ကို နေ့ညမပြတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲနိုင်တဲ့ ဧရိယာအတွင်းက ရွာတွေက ပြည်သူတွေဟာ ရွာလုံးကျွတ် တိမ်းရှောင် နေရတယ်လို့ ဟောင်ပါးရွာနေ အမျိုးသမီးတစ်ယောက် က KNG ကို ပြောပါတယ်။

“အခုလောလောဆယ် မနေ့ကထိတော့ နန့်ရေတောင်ရွာရယ် စကားဝါရွာရယ်ပြီးတော့ ခေါ့ခေါ်ကျေးရွာရယ် အဲ့ သုံးရွာကတော့ ဘယ်သူမှမရှိတော့ဘူး။ အကုန်ပြေးကြတယ်။ ၁၈ ရက်နေ့ကနေ စပြေးကြတာ။ မနေ့ကတော့ အကုန်ပြေးကုန်ကြပြီ။ သူတို့က အရမ်းနီးတယ်လေ။ လက်နက်ကြီးကျနိုင်လို့ ပြေးကြတာ” လို့ ပြောပါတယ်။

လက်ရှိ တိမ်းရှောင်နေတဲ့ နန့်ရေတောင်၊ စကားဝါ၊ ခေါ့ခေါ်စတဲ့ ရွာ ၃ ရွာဟာ တာမခံနဲ့ ဟောင်ပါးရွာ ကြားမှာ ရှိတာဖြစ်ပြီး လက်နက်ကြီးပစ်ကွင်းကနေ မလွတ်ကင်းတာကြောင့် တိမ်းရှောင်နေရတာလို့ ဒေသခံတွေက ဆိုပါ တယ်။

“အဲ့သုံးရွာကတစ်ဆက်တည်းဘဲမှာ။ တာမခံ ဟောင်ပါးကြားမှာရှိတာလေ။ တာမခံကနေ လက်နက်ကြီးပစ်ရင် အဲ့ရွာတွေမှာကျတယ်။ ဟိုနေ့ကတောင် နန့်ရေတောင်ရွာထဲ ကျလို့ ကလေးမလေး တစ်ယောက် ထိပြီး သေသွား တာ” လို့ အခြားဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ နန့်ပါဟုတ်ကျေးရွာ ဘုန်းကြီး ကျောင်း၊ ဟွေစိုင်းကျေးရွာ ဘန်းကြီးကျောင်းတွေမှာ အများစု တိမ်းရှောင်နေကြပြီး လူနည်းစုက နီးစပ်ရာ ကျေး ရွာတွေထဲက အသိဆွေမျိုးတွေအိမ်မှာ တိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် ဟောင်ပါးဒေသခံတွေလည်း အသင့်ပြင်ဆင်ထားရတယ်လို့ ဆိုကြပါတယ်။

“ကျွန်မတို့လည်း အရေးကြီးတဲ့ဟာတွေကို ကြိုတင်ထုပ်ပိုး ပြီးနေရတာပါ့။ အခြေအနေကို တကြည့်ကြည့်နဲ့ပဲ ဖြစ်လာရင်ပြေးဖို့ အသင့်ပြင်ပြီး စောင့်နေရတယ်။ မနေ့ညကလည်း သုံးလုံးပစ်လာတယ်။ ရွာထဲတော့မကျဘူး” လို့ ဟောင်ပါး ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

တာမခံ စစ်ကောင်စီ စစ်တပ်ကုန်းကနေ စစ်ကောင်စီတပ်တွေက မနေ့က ညပိုင်းမှာလည်း လက်နက်ကြီး ၃ လုံး နဲ့ ပစ်ခတ်ခဲ့ပြီး ဟောင်ပါးနဲ့ တာမခံကြား တောစပ်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ ညမှာလည်း တာမခံ စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နန့်ရေတောင်ရွာထဲ တစ်လုံးကျခဲ့ရာ ရေချိုးနေတဲ့ အသက် ၁၂ အရွယ်ရှိ လေးတန်းကျောင်းတစ်ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့ပြီး ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ က ဆိုပါတယ်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...