ခလယ်-တံခွန်တိုင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀၀ ခန့်အထိ ရှိလာ

ခလယ်-တံခွန်တိုင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀၀ ခန့်အထိ ရှိလာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စု အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA  ပူးပေါင်းတပ်ဖွဲ့ တို့ ကြား ပြင်းထန်တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀၀ ခန့်အထိ ရှိလာနေသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် စက်တင်ဘာ ၁၂ ရက်နေ့က ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု မြို့ဟောင်း ကျေးရွာသို့ ဝင်ရောက်လာခဲ့သည့်အတွက် ဒေသခံအချို့ ဘေးလွတ်ရာသို့ စတင်တိမ်းရှောင်ခဲ့ကြသည်။

ထို့နောက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့သည် စက်တင်ဘာလ ၁၄ ရက်နေ့  နံနက်ပိုင်းက စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပါ လုပ်ခဲ့သည့်အတွက် ခလယ်-တံခွန်တိုင် ကျေးရွာ အုပ်စု အတွင်းရှိ ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ ခလယ်တံခွန်တိုင် အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“မနေ့ (စက်တင်ဘာ ၁၄) ကတည်းက ပစ်ခတ်မှု ဖြစ်နေတာ။ ဒီနေ့ (စက်တင်ဘာ ၁၅) လည်း အခြေအနေ မကောင်းဘူး။ မနက်ပိုင်းမှာ သေနတ်သံကြားသေးတယ်။ စစ်ဘေးရှောင်က ၂၀၀၀ ဝန်းကျင်လောက် ရှိနေတယ်။ (ဒေသခံ) အချို့က စစ်ကြောင်းထိုးဝင်လာတဲ့နေ့ကတည်း တိမ်းရှောင်နေကြတယ်။ အခု တိုက်ပွဲဖြစ်တော့ ထပ် ပြေးကြတော့ လူကများလာတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀၀ ခန့်ရှိကြောင်း၊ အများစုသည် အနီးနားရွာရှိ ဘုန်းကြီးကျောင်း တို့တွင် နေထိုင်နေရကြောင်း အချို့ကလည်း နီးစပ်ရာဆွေမျိုး မိတ်ဆွေတို့ထံ နေနေရကြောင်း ဒေသခံများက ပြောသည်။

“အနီးနားရွာမှာ နေထိုင်ရတာရှိတယ် မနေ့တုန်းကဆို (စက်တင်ဘာ ၁၄) မိုးလည်းရွာနေတယ်။ ထပ်ပြေးလာတဲ့ လူတွေ များလာတော့ စားရေး၊ သောက်ရေး၊ နေရာထိုင်ခင်းနဲ့ သွားလာရေးက အခက်အခဲဖြစ်နေတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာခရိုင် တပ်မဟာ (၆) နယ်မြေထဲရှိ ခလယ်-တံခွန်တိုင်‌ ကျေးရွာအုပ်စု တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်။

တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရပ်သားများအား ဖမ်းဆီးတာ၊ သတ်ဖြတ်ခံရတာတွေလည်း ရှိနေကြောင်း၊ တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ မကြာခဏ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။  

ခလယ်-တံခွန်တိုင်‌ ဘက်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသတွင်းရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့် ‌ကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...