ဘီးလင်းတွင် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ

ဘီးလင်းတွင် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အလူးလေးကျေးရွာ အပါအဝင် ကျေးရွာ ၄ ရွာမှ ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင် ဒေသခံများက ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင် စီတပ်တို့ အကြား စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က စပြီး အလူးလေးကျေးရွာ အနီးတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။

တိုက်ပွဲကြောင့် အလူးလေး၊ အလူးကြီး၊ အလယ်ရွာ၊ အနောက်ရွာလေးကျေးရွာတို့မှ ဒေသခံ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာနေရာသို့ ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်က အလူလေးကို ရောက်ကတည်းက စိုးရိမ်နေကြတာ။ တိုက်ပွဲဖြစ်တာနဲ့ လက်နက်ကြီးတွေ ဆက်တိုက် ကျလာတာ။ ဘီးလင်းအောက်ဘက်ရွာတွေကို ပြေးတာလည်း ရှိတယ်။ တချို့ကတော့ အပေါ်ဘက် ရွာတွေကို ပြေးကြတာ” ဟု အလူးလေးဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲသည် ညနေ ၄ နာရီ အချိန်ခန့်တွင် ပြန်လည် ငြိမ်သက်သွားသော်လည်း နှစ်ဖက်စစ်ရေး တင်းမာနေသည့် အတွက် ဒေသခံများက စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအသုံးပြု တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြ သည် ဟု ဆိုသည်။

အလူးလေး ကျေးရွာအနီး တိုက်ပွဲဖြစ်စဥ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးပြီး လက်နက် ခဲယမ်း အချို့လည်း စစ်ကောင်စီဘက် သိမ်းဆည်းသွားခဲ့သည်။

ထို့အပြင် စစ်ကောင်စီဘက်လည်း ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန် ထားသည်။

ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကောင်စီဘက်က လက်နက်ကြီး ဖြင့် ပစ်ခတ်သည့် ဖြစ်စဥ်များလည်း မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...