ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသရှိ ရွာပေါင်း ၂၀ ကျော် တယ်လီဖုန်းမရ၍ ကဏ္ဍတိုင်းတွင် နောက်ကျနေဟုဆို

ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသရှိ ရွာပေါင်း ၂၀ ကျော် တယ်လီဖုန်းမရ၍ ကဏ္ဍတိုင်းတွင် နောက်ကျနေဟုဆို

ကျေးရွာပေါင်း ၂၀ ကျော်၊ လူဦးရေ ၅ သောင်းခန့်နေထိုင်သည့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်ပိုင်း တော ဖျားချောင်းဒေသတွင် ဆက်သွယ်ရေးဖုန်းလိုင်း မမိ၍ ဖုန်းအဆက်အသွယ် မရသဖြင့် လူမှုရေး၊ စီးပွားရေး အပါ အဝင် အစစအရာရာ နောက်ကျကာ အခက်အခဲများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ဖုန်းလိုင်းမမိ၍ အခက်အခဲဖြစ်နေသည့်ကျေးရွာများမှာ ဆင်သည်၊ တွင်းဆင်သည်၊ သြရမ၊ ခွေးသည်၊ ဖားကြွယ်၊ ဖရုံပေါက်၊ နတ်သရွေး၊ ကြက်ချီး၊ ညီချေ၊ ဂြိုတ်ချောင်း၊ ဆင်ခေါင်းကျေးရွာများအပါအဝင် သက္ကိုင်းတောင် ကျေးရွာအုပ်စု၊ အထက်သင်းပုန်းတန်းကျေးရွာအုပ်စုနှင့် ပါဘွယ်ကျေးရွာအုပ်စုရှိ ကျေးရွာများ ဖြစ်ကြသည်။

အဆိုပါကျေးရွာများသည် ရွာကြီးများဖြစ်ကြပြီး စုစုပေါင်း လူဦးရေ ၅ သောင်းခန့် နေထိုင်ကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ဂြိုတ်ချောင်းရွာသား ဦးမောင်စိန်ကျော်က “ကျနော်တို့ရွာက တောင်အောက်မှာဆိုတော့ အရေးအကြောင်းဆိုရင် ဖုန်းတစ်ခါပြောဖို့ကို တောင်အမြင့်ကြီးကို တက်ရတယ်။ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စီးပွားရေးကိစ္စတွေ မှာ အဆက်သွယ် မရတော့ တာဝါတိုင်တစ်ခုလောက် ထောင်သင့်တယ်လို့မြင်ပါတယ်” ဟု ပြောသည်။

အဆိုပါ တောဖျားချောင်းဒေသသည် ချောင်း၊ မြောင်းများနှင့် တောတောင်များ ပွားများပြီး သွားလာရခက်ခဲသော ဒေသဖြစ်ကာ ငရုတ်ကောင်း၊ ဒညင်းသီးနှင့် ရခိုင်ပြည်အတွင်း ဖြန့်ချီနေသော ကွမ်းရွက်များနှင့် ဟင်းသီးဟင်း ရွက်များကို အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြသည့် ဒေသဖြစ်သည်။

ထိုဒေသမှ ထွက်ရှိသည့် အသီးအရွက်များကို စစ်တွေကိုအခြေပြုကာ ဒေသတွင်းမြို့နယ်အချို့သို့ တင်ပို့ ရောင်း ချရာတွင် ယခုကဲ့သို့ ဖုန်းလိုင်းမမိ၍ ပွဲရုံများ၊ စျေးသည်များနှင့် ဆက်သွယ်ရ ခက်ခဲ၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

သြရမကျေးရွာမှ ကွမ်းကုန်သည် ဒေါ်မကျော့လှက “ကျမတို့မှာ ကုန်သည်တွေနဲ့ ဖုန်းအဆက်သွယ်လည်း မရ တော့ စီးပွားရေး လုပ်ရတာ အလွန်နှောင့်နှေးရပါတယ်။ အဲဒါကြောင့် အဆက်သွယ်ရအောင် အခုလိုတိုးတက်နေ တဲ့ခေတ်မှာ တစ်ခုခု လုပ်ပေးသင့်တယ်” ဟု ပြောသည်။

အဆိုပါကျေးရွာများတွင် ဖုန်းလိုင်းမမိ၍ အင်တာနက်လိုင်းလည်း မရသလို သတင်းအချက်အလက်များကိုလည်း မသိရှိနိုင်ဖြစ်နေကြရသည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ Ooredoo၊ Telenor နှင့် Mytel စသည့် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုခုက တာဝါတိုင်တစ်ခုခု လာရောက်တပ်ဆင်ပေးရန် ဒေသခံများက တောင်းဆိုလျက်ရှိနေကြသည်။

၂၀၁၃ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ပါဘွယ်ကျေးရွာနှင့်ကြက်ချီးကျေးရွာကြား လေသာတောင်တွင် MPT မှ တာဝါတိုင် ဆောက်လုပ်ရန် ပစ္စည်းတချို့ရောက်ရှိလာခဲ့သော်လည်း အကြောင်းအမျိုးမျိုးဖြင့် လုပ်ငန်းရပ်ဆိုင်းသွားကာ ယခု ထိ မည်သည့်တာဝါတိုင်မျှ ဆောက်လုပ်နိုင်ခြင်းမရှိသေးဟု ဒေသခံများကပြောသည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...