စစ်ကောင်စီ စစ်ရေး အသာစီးမရတော့ဟု ကေအဲန်ယူပြော

စစ်ကောင်စီ စစ်ရေး အသာစီးမရတော့ဟု ကေအဲန်ယူပြော

စစ်ကောင်စီတပ်က မြေပြင်တွင် အဖက်ဖက်က ရှုံးနိမ့်လာနေပြီး ထိုးစစ် မထိုးနိုင်သည့်အပြင် ပုံမှန် လုပ်နေကြ တပ်အချိန်းအပြောင်းကိုပင် မလုပ်နိုင်တော့ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က ပြော သည်။

KNLA စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသော က လက်ရှိ စစ်ကောင်စီတပ်က ကျင့်သုံးလာသည့် စစ်ရေးဗျူဟာ ပုံစံနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“စစ်ကောင်စီက စစ်ရေးအနေအထားက သနင်္ဂဗျူဟာအရ ခံစစ်အနေအထားလို့ ရောက်ပြီလို့ ပြောလို့ ရပါ တယ်။ နည်းဗျူဟာအရတော့ နည်းပရိယာယ်ကတော့ ထိုးစစ်ကို မလုပ်နိုင်ပဲနဲ့ အဲဒီအစား လက်နက်ကြီးနဲ့ လေ ယာဉ်ကိုပဲ အစားထိုး အသုံးပြုနေရပါတယ်။”

ထို့အပြင် စစ်ကောင်စီတပ်သည် ယခင်က တစ်နှစ်တစ်ခါ တပ်လဲလှယ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကနေစပြီး ၄ နှစ်ခွဲ ကြာလာသည်အထိ တပ်လဲလှယ်မှုများကိုလည်း မလုပ်ဆောင်နိုင်တော့ဘူးဟု  KNLA ဆိုသည်။

တပ်လဲလှယ်မှုများ မလုပ်ဆောင်နိုင်သည့်အပြင် ရှေ့တန်းစစ်မြေပြင်တွင်လည်း ချိနဲ့ယိုင်နဲ့နေသော အနေအထား ကို ရောက်ရှိနေပြီဟု ဗိုလ်မှူးချုပ် စောတာမလာသော က ဆက်ပြောသည်။

“နောက်ပြီးတော့ ဒီ စစ်ကောင်စီတပ်ကနေပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုရင် ထုတ်နှုတ် အင်အား နဲ့ပဲ လုပ်နေရပါတယ်။ နောက်ပြီးတော့ ဒီတပ်စခန်း တစ်ခုနဲ့ တစ်ခု လှုပ်ရှားနိုင်မှု စွမ်းအားကလည်း ကျဆင်း နေပါ တယ်။ နောက်ပြီးတော့ အဓိက သူတို့ တပ်စခန်းတွေကို တပ်စခန်းဖြစ်တဲ့ ခြေကုတ်စခန်းကို မဖြစ်မနေ သူတို့ ကာကွယ်ရမယ့် ဆိုရင် စခန်းတွေကို သူတို့ ဒီ လေယာဉ်နဲ့ ရိက္ခာသယ်နေရတယ်။ နောက်ပြီး တော့ ဒီစခန်း ကို ကာကွယ်ဖို့အတွက် တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေ သုံးပြီး ကာကွယ်နေရပါတယ်။”

ရှေ့တန်းစစ်မြေပြင် စခန်းများတွင် ချိနဲ့ယိုင်နဲ့ လာနေသည့်အပြင် မြို့နှင့်မဝေးသည့် ဒေသများရှိ တပ်စခန်းတို့ တွင်လည်း  လုံခြုံရေးအရ ခြိမ်းခြောက်မှုများကို ခံနေရသည့်အတွက် ဆိုင်ကယ်များ ကားများ မသွားနိုင်အောင် ဘတ်ဖိုးများနှင့် မြို့အဝင်အထွက် လမ်းများကို ဖြတ်တောက်ထားသည်ဟု KNLA က ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်ရာ ဒေသများတွင် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည့် တစ်ဖက်တွင် KNU ထိန်းချုပ်နယ်မြေထဲက စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ်၏ တပ်စခန်းများကို KNLA နှင့် ပူးပေါင်းတပ်များက ပြန်လည်တိုက်ခိုက် သိမ်းယူ နိုင်ခဲ့သည်။

KNU နယ်မြေထဲက စစ်ကောင်စီ၏ တပ်စခန်းများ သိမ်းပိုက်ခံနေရသည့်အပြင် အခြားသော တိုင်းရင်းသား ဒေသများထဲက စစ်ကောင်စီတပ်စခန်းများလည်း တိုက်ခိုက်သိမ်းပိုက် ခံနေရသည့်အတွက် စစ်ကောင်စီတပ်က မြေပြင်တွင် အဖက်ဖက်က ရှုံးနိမ့်နေပြီး ခံစစ်အနေအထားကို ပြောင်းလဲ ကျင့်သုံးလာနေသည်ဟု တော်လှန်ရေး အင်အားစုများက ပြောသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...