ပင်လည်ဘူးမှာ ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်သတ်ဖြတ်ခံရ

ပင်လည်ဘူးမှာ ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်သတ်ဖြတ်ခံရ
ဓါတ်ပုံ - ပင်လယ်ဘူးဆိုင်းဘုတ်
ဓါတ်ပုံ - ပင်လယ်ဘူးဆိုင်းဘုတ်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်ထဲ စစ်ကောင်စီတပ်က ရွှေတူးနေသည့် အမျိုးသား ၆ ဦးကို သတ်ဖြတ် သွားသည်ဟု ပင်လည်ဘူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့၊ ညနေပိုင်း ၄နာရီကျော် အချိန်ခန့်တွင် ပင်လည်ဘူးမြို့ပေါ်မှ ထွက်လာသည့် စစ်ကောင်စီ တပ်သည် ဒေသအခေါ် ရွှေညောင်ပင်တွင် ရှိသည့် ရွှေမှော်ဘက်ကို စစ်ကြောင်းထိုးရင်း ရွှေတူးနေသော အမျိုး သား ၆ ဦးကို သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စစ်ကောင်စီ အဖွဲ့က မနေ့က မြို့ထဲကထွက်လာပြီး ဒေသအခေါ် ရွှေညောင်ပင်မှာရှိတဲ့ ရွှေတွင်းက လူ ၆ ယောက်ကို ပစ်သတ်သွားတယ်လို့သိရတယ်။ ဒေသခံလား အခြားကလာပြီး အလုပ်လုပ်တဲ့သူတွေလားတော့ မသိဘူးဗျ“ ဟု ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကြောင်းမှာ စစ်ကြောင်းပြန်လည်ထွက်ခွာချိန်တွင်လည်း ရွှေညောင်ပင်က ရွှေမှော်အတွင်း ဘက်ဟိုးမောင်းသည့် အမျိုးသားတစ်ဦးကို စစ်ကြောင်းနှင့်အတူ ဓားစာခံအဖြစ်ဖမ်းဆီးသွားသည်ဟု ပင်လည် ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အမျိုးသား ၆ ဦး သတ်ဖြတ်ခံရခြင်းနှင့် တစ်ဦး ဖမ်းဆီးခံရသည့် သတင်းကို ရွှေညောင်ပင်ဒေသ တစ်ဝိုက်က ဒေသခံများ၏ သတင်းပေးပို့ချက်နှင့် အတည်ပြုနိုင်ခဲ့သည်ဟု ပင်လည်ဘူး တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ပင်လည်ဘူးမြို့ပေါ်ကလာသည့် စစ်ကြောင်းဖြစ်ပြီး မည်သည့် တပ်ရင်းဆို သည်ကိုမူ အတည်မပြုနိုင်သေးကြောင်း ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကြောင်းက ခုလိုမြို့ထဲကထွက်လာပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင် မြို့ထဲပြန်ဝင် တပ်ရင်းတွေက ခဏ ခဏလဲနေတယ် အရင်ကတော့ ခမရ ၃၇၆ နဲ့ ၃၆၂ လို့တော့ သိရတယ် အခုကစစ်ကြောင်း လဲမလဲ မသိရ သေးဘူးဗျ” ဟု ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကြောင်းမှာ မူလဲကျေးရွာနှင့် ဟဲသတ်ကျေးရွာ ဖြတ်လမ်းဖြစ်သော ဇကပ်ပင်လမ်းခွဲမှာပင် စစ်ကြောင်း ပျောက်သွားသောကြောင့် ဒေသခံများအနေဖြင့် စစ်ကြောင်းသတင်းကို နားစွင့်ပြီး သတိထား နေထိုင်ကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သတိပေးပြောဆိုထားသည်။

ရွှေတူးနေသည့် အမျိုးသား ၆ ဦး သတ်ဖြတ်ခံခဲ့ရသည့် ရွှေညောင်ပင်ဒေသသည် ဒေသခံများ ရွှေတူး စီးပွား ရှာကြသည့် နေရာဖြစ်ပြီး မူးမြစ်၏ အရှေ့ဘက်ခြမ်း ကောလင်း - ပင်လည်ဘူး ကားလမ်းမဘေး ပင်လည်ဘူး မြို့မှ ၆မိုင်ခန့် အကွာတွင် တည်ရှိသည်။

အာဏာသိမ်းပြီးသည့် နောက်ပိုင်း ယနေ့အချိန်ထိ မြန်မာနိုင်ငံတဝှမ်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် ဒီမိုကရေစီလှုပ်ရှားသူများနှင့် အရပ်သားပြည်သူပေါင်း ၃၉၀၀ ကျော် အသတ်ခံထားရသည်ဟု နိုင်ငံရေး အကျဥ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...