ဒီးမော့ဆိုမြို့နယ် သဲတောင်ဘက်မှာ (၃)ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေ

ဒီးမော့ဆိုမြို့နယ် သဲတောင်ဘက်မှာ (၃)ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေ

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် သဲတောင်ဘက်မှာ သြဂုတ်လ ၂ ရက်နေ့ကစပြီး သြဂုတ်လ ၄ ရက် နေ့ အထိ ၃ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်က သြဂုတ်လ ၂ ရက်နေ့မှာ သဲတောင်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

“တိုက်ပွဲ ဖြစ်တာ ဟုတ်တယ်။ သုံးရက်လောက်ရှိနေပြီ။ ဒီးမော့ဆို မြို့နယ် မြို့ပြင်မှာ ဖြစ်နေတာ” လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ အလှမ်းမဝေးတဲ့ ထီးပေါ်ဆို၊ ဒေါညေးခူ လမ်းမကြီးဘက်ကို စစ်ကောင်စီတပ်က အချိန်မရွေး ရောက်ရှိလာနိုင်တာကြောင့် ပြည်သူလူထုတွေအနေနဲ့ အဆိုပါ လမ်းမကြီးကို အသွားအလာ မလုပ်ဖို့ သူက ဆက်ပြောပါတယ်။

KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ဖရူဆိုနဲ့ ဒီးမော့ဆို လမ်းမကြီးကြားမှာ ရှိတဲ့ ထီးပေါ်ဆို တို့ ဒေါညေးခူတို့ဘက်ကို မသွားဖို့ စာထုတ်တာတော့ မဟုတ်ဘူး။ လူထုတွေကို အသိပေးထားတာရှိတယ်။ အဲ့လမ်း ကြောင်းကို လုံးဝ မသွားကြပါနဲ့ အဲ့ဒါပဲ ပြောချင်တယ်။ ဘာလို့လည်းဆို အဲ့လမ်းကြောင်းပေါ်ကို စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ရှိတယ်။ နောက်စစ်ကြောင်းထိုးနေတယ်။ အချိန်မရွေး အဲ့လမ်းပေါ် ရောက်လာနိုင်တယ်။ ပြည်သူလူထုတွေ ပိတ်မိသွားမှာစိုးလို့ပါ။ဖမ်းဆီးတာမျိုး နောက် မိုဆို ဖြစ်စဥ်လိုမျိုးပေါ့နော်။ အဲ့လိုမျိုးတွေ ဖြစ် သွားမှာစိုးလို့“ လို့ ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ပစ်ကူတွေ ကင်းထောက်ဒရုန်း ပျံဝဲတာတွေ တောက် လျှောက် ပြုလုပ်နေတယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး နှစ်ဖက် အထိအခိုက်၊ အကျအဆုံးကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...