မုန်တိုင်းသင့် ဘာသာရေး အဆောက်အအုံများ ပြုပြင်ရန် အကူညီလိုအပ်နေ

မုန်တိုင်းသင့် ဘာသာရေး အဆောက်အအုံများ ပြုပြင်ရန် အကူညီလိုအပ်နေ

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်အတွင်းက ဘာသာရေး အဆောက်အအုံများကို ပြန်လည် ပြုပြင် ရန် အခက်အခဲများ ရှိနေသည့်အတွက် အကူညီများလိုအပ်နေကြောင်း ဘာသာရေးခေါင်းဆောင်များက ပြောသည်။

ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် ဘာသာရေး အဆောက်အအုံ အများအပြားမှာ မုန်တိုင်းကြောင့် ပျက်စီး သွားခဲ့ပြီး ပြန်လည် တည်ဆောက်ရေးအတွက် အကူအညီ ရရှိမှုနည်းပါးနေသည်။

လက်ရှိအချိန်ထိ ကူညီထောက်ပံ့မှု တစ်စုံတစ်ရာ မရရှိသေးသဖြင့် ကိုယ်ထူကိုယ်ထ ပြုပြင်နေကြသော်လည်း ငွေကြေး မလုံလောက်မှုကြောင့် အခက်အခဲဖြစ်နေရသည် ဟု စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ အစ္စလာမ် ဘာသာဝင် ဦးကျော်ဆွေက ပြောသည်။

“ငွေရေးကြေးရေးက မလုံလောက်ဘူး။ ရွာက အလှူငွေကောက်လို့ရတာနဲ့ ပြုပြင်ဖို့ ဘယ်လိုမှ မလုံလောက်ဘူး။ ဘုရားဝတ်ပြုဖို့လည်း မရတော့ဘူး။ အမိုးအကာမရှိဘူး။ မိုးရွာရင် လုံးဝအဆင်မပြေဘူး။ နေပူရင်လည်း နေပူထဲ မှာပဲ ဘုရားဝတ်ပြုရတယ်” ဟု သူက ပြောသည်။

အောင်မင်္ဂလာရပ်ကွက်မှ ပျက်စီးသွားသည့် ဗလီဝတ်ပြုကျောင်း အရေအတွက်ကို စစ်ကောင်စီက မုန်တိုင်း အလွန်တွင် စာရင်းကောက်ယူ သွားသော်လည်း ယခုအချိန်ထိ အကူအညီမရရှိသေးကြောင်း ဦးကျော်ဆွေက ပြောသည်။

မုန်တိုင်းဒဏ်သင့် ဘာသာရေးအဆောက်အအုံများထဲမှ ဗုဒ္ဓဘာသာကျောင်းနှင့် ဟိန္ဒူကျောင်းတို့တွင် စစ်ကောင်စီ ထံမှ ကူညီထောက်ပံ့မှု အချို့ရရှိကြပြီး ဗလီဝတ်ကျောင်းနှင့် ခရစ်ယာန်ကျောင်းများတွင် ကူညီထောက်ပံ့မှု မရရှိ သေးဘူးဟု ဘာသာရေးခေါင်းဆောင်များက ပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးမှု အနည်းအကျဉ်းသာရှိသည့် ကျောင်းဆောင်အချို့ကို အသင်းတော်၏ ထောက်ပံ့ ငွေ များဖြင့် ပြုပြင်ထားပြီ ဖြစ်သော်လည်း လုံးဝနီးပါးပျက်စီးသွားသည့် ကျောင်းဆောင်များကို ပြန်လည်ပြုပြင် နိုင်ခြင်း မရှိသေးဟု ခရစ်တော်၏ အသင်းတော် (Church of Christ) ရခိုင်ပြည်နယ်၊ ဥက္ကဋ္ဌ ဦးယောနသန်က ပြောသည်။

“ပျက်စီးနေတဲ့ ဘုရားဝတ်ပြုကျောင်း ၃ ဆောင်ကိုတော့ မပြင်ရသေးဘူး။ အသင်းတော် ဆရာအိမ်တွေကိုတော့ ပြည်တွင်းက ဆက်စပ်နေတဲ့ အသင်းတော်တွေက ပါဝင်လှူဒါန်းမှုတွေနဲ့ ဆောက်သင့်သလောက် ဆောက်လုပ်ပြီး နေပြီ။ တခြား အဖွဲ့အစည်းတွေက ထောက်ပံ့ပေးတာတွေ မရှိဘူး။ ပြည်တွင်းမှာရှိတဲ့ အသင်းတော်တွေဆီကနေ ပါဝင်လှူဒါန်းမှုတွေနဲ့ပဲ ပြန်လည်တည်ဆောက်ရေးကို လုပ်နေကြရပါတယ်” ဟု သူက ပြောသည်။

စစ်တွေမြို့တွင်ရှိသည့် ခရစ်ယာန် ဘာသာရေးကျောင်းများကို စစ်ကောင်စီက အသင်းတော်တစ်ခုစီကို ဆန် ၅ အိတ်နှင့် ဆီဗူးအချို့သာ ထောက်ပံ့ပေးမှုရှိခဲ့သည်ဟု ခရစ်ယာန်အသင်းတော်များရှိ တာဝန်ရှိသူများက ပြော သည်။

မုန်တိုင်းကြောင့် အဆောက်အအုံ အားလုံးနီးပါး ပျက်စီးသွားသည့် ရသေ့တောင်မြို့ရှိ ရွှေပါရမီ ဗုဒ္ဓဘာသာ ဘုန်း တော်ကြီးကျောင်းကို စစ်ကောင်စီက သွပ်ပြားအချပ် ၁၅၀ နှင့် သစ်အချို့ ထောက်ပံ့ပေးထားသည်ဟု ဆိုသည်။

သို့သော် လုံလောက်မှုမရှိသဖြင့် အကူအညီများ လိုအပ်နေကြောင်း ရွှေပါရမီဆရာတော်က မိန့်သည်။

“အကူအညီက လုံလောက်မှုမရှိလို့ ၅၀ ရာခိုင်နှုန်းလောက်ပဲ အဆင်ပြေသေးတယ်။ အလှူရှင်တွေလည်း မပေါ် သေးဘူး။ အလှူရှင်တွေ လိုအပ်နေတယ်။ အလှူရှင်တွေလှူမှပဲ အဆင်ပြေမယ်” ဟု ဆရာတော်က မိန့်သည်။

မုန်တိုင်းသင့် ဟိန္ဒူဘုရားကျောင်းများတွင်လည်း စစ်ကောင်စီထံမှ သွပ်ပြားအနည်းငယ်စီသာ ကူညီထောက်ပံ့မှု ရရှိခဲ့ပြီး လုံလောက်မှုမရှိသဖြင့် ဘာသာဝင်များ၏ အလှူငွေဖြင့် ပြုပြင်နေကြသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဘာသာရေး အဆောက်အအုံများကို ဦးစားပေးအနေဖြင့် ကူညီထောက်ပံ့မှု များ ပြုလုပ်ပေးသွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း မြေပြင်တွင် လုံလောက်သည့် အကူအညီ များ မရရှိသေးဘူးဟု ဘာသာရေးခေါင်ဆောင်များက ပြောဆိုကြသည်။

မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်အတွင်းက ဘာသာရေး ကျောင်းများထဲတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အများဆုံးဖြစ်ပြီး (အစ္စလာမ်) ဗလီဝတ် ပြု ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဟိန္ဒူကျောင်းတို့မှာလည်း အနည်းနှင့်အများ ပျက်စီးသွားခဲ့သည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...