မော်လမြိုင်ကျွန်းတွင် ဖမ်းဆီးထားသော ကျွန်းသစ်များ ပျောက်ဆုံး

မော်လမြိုင်ကျွန်းတွင် ဖမ်းဆီးထားသော ကျွန်းသစ်များ ပျောက်ဆုံး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ သစ်တောရုံးဝန်းအတွင်း ဖမ်းဆီးထားသည့် ကျွန်းသစ်များ ယခုအချိန်တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ လေလံတင် ရောင်းချခဲ့ခြင်းမရှိပဲ ပျောက်ဆုံးသွားခြင်းဖြစ်သည် ဟု သစ်တောနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒါက သစ်တောရဲ့ လုပ်ပိုင်ခွင့်လို့‌ ပြောရမှာပဲ။ ပုံစံ ၈ လို့ခေါ်တယ်။ ဖမ်းမိတဲ့သစ်ကို အနည်းဆုံး ၆ လ လောက် ကနေပြီး ၃ နှစ် လောက်ကြာမှ လေလံပစ်တာ။ သစ်က မရှိတော့ဘူး။ ရှိရင်လည်း အနည်းအကျဉ်းပဲ။ ဆွေးနေ ပြီ ပုံစံ ၈ စာရွက်ကိုပဲ လေလံဆွဲရတာ” ဟု သစ်ကုန်သည် တစ်ဦးက ပြောသည်။

ယခုပျောက်ဆုံးသွားသည့် ကျွန်းသစ်များမှာ ပြီးခဲ့သောနှစ် ဇူလိုင်လ ၂၃ ရက်နေ့က ဖမ်းမိခဲ့ သည့် ကျွန်းသစ် ၈၅ တန်ကျော်ဖြစ်ပြီး သစ်တောရုံးဝန်းအတွင်း စုပုံထားရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

ဆက်လက်ပြီး လေလံဆွဲသူသည် ပုံစံ ၈ စာရွက်ကိုသာ ရရှိခဲ့ပြီး မှောင်ခိုသစ်များကို တရားဝင် ရောင်းဝယ်ခွင့် လက်မှတ်ရရှိသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

သစ်တောမှ အလွဲသုံးစားပြု၍ ရောင်းစားခဲ့သော သစ်များသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံမြစ်ရိုးအတွင်း စက်လှေအကြီး၂ စီးဖြင့် ပြည်ပသို့ ပို့ဆောင်မည့် ကျွန်းသစ် ၈၅ တန်ကျော်ကို ဖမ်းဆီးခဲ့ပြီး ရုံးဝန်းအတွင်း စုပုံ ထားခြင်း ဖြစ်သည်ဟု ‌သစ်တောဌာနနှင့်နီးစပ်သူများက ပြောသည်။

“ဒီလောက် တန်အများကြီးကို သစ်တောတစ်ခုထဲ ရောင်းစားတာ မဟုတ်နိုင်ဘူး။ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်း နဲ့ ပေါင်းပြီး အပျောက်ရိုက်လိုက်တာ” အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသည့် ကျွန်းသစ်များကို ကားများဖြင့် သယ်ဆောင်သွားသည်ကို တွေ့မြင်ခဲ့သည်ဟု သစ်တောရုံး အနီးနေထိုင်သူ အချို့က ပြောသည်။

“ဖမ်းမိသစ်တွေကို အမြန်ဆုံး လေလံတင်နိုင်အောင် ဥပဒေဖြစ်ဖြစ် အမိန့်၊ညွှန်ကြားဖြစ်ဖြစ် သတ်မှတ် ပြင်ဆင် ပေးသင့်တယ်။ အခုပုံက သစ်တောကို စားပေါက်ကြီး တစ်ခု ဖန်တီးပေးထားသလိုပဲ” ဟု သစ်ကုန်သည် တစ်ဦး ကပြောသည်။

ကျွန်းသစ်များကို ဖမ်းဆီးစဉ်က စက်လှေပေါ်တွင် ပါရှိခဲ့သူ ၁၁ ဦးကို တရားခံများအဖြစ် စွဲချက်တင်ကာ ထောင် ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်သည်။

April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...