ရခိုင်တွင် ဈေးကွက်အတွင်း ငါးမန်းသားပေါက် ရောင်းချမှု များပြားနေ

ရခိုင်တွင် ဈေးကွက်အတွင်း ငါးမန်းသားပေါက် ရောင်းချမှု များပြားနေ
စစ်တွေမြို့၊ မင်းဂံရပ်ကွက်ဈေးတစ်ခုတွင် ငါးမန်းများ ရောင်းချနေသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။   ဓာတ်ပုံ - ပေးပို့
စစ်တွေမြို့၊ မင်းဂံရပ်ကွက်ဈေးတစ်ခုတွင် ငါးမန်းများ ရောင်းချနေသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် ငါးမန်းသားပေါက်များကို ဈေးကွက်အတွင်း ရောင်းချနေမှုများမှာ ယခုလ တွင် ပို၍များပြားလာကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ကမ်းရိုးတန်းဒေသတွင် ကျက်စားနေကြသည့် မျိုးတုန်းလုနီးပါးဖြစ်နေသော ငါးမန်းနှင့် ငါးမန်းသားပေါက် များအား ရောင်းချနေခြင်းကို ဈေးကြီးများတွင်သာမက ရပ်ကွက်ဈေးများတွင်လည်း တွေ့မြင်လာရသည်ဟု ဒေသခံများက ပြောကြသည်။

လက်ရှိ ငါးမန်းသားပေါက်ရာသီကာလတွင် ငါးမန်းသားပေါက်များကို ဈေးအတွင်းရောင်းချနေမှုများကို မြို့မ ဈေးကြီးနှင့် ရပ်ကွက်ဈေးများတွင် နေ့စဉ်ကဲ့သို့ တွေ့မြင်နေရသည်ဟု ကျောက်ဖြူမြို့ ဒေသခံတစ်ဦးက ပြော သည်။

“အခုက ငါးမန်းတွေ သားပေါက်ရာသီဖြစ်လို့ ကျောက်ဖြူမြို့က ဈေးတွေမှာ ငါးမန်းသားပေါက်လေးတွေ ရောင်း နေတာ အများကြီး တွေ့ရတယ်။ ဒီနေ့ ကျနော်ခရီးသွားတုန်း ကျောက်ဖြူနယ်က ဇင်ချောင်းရွာမှာ ရောင်းချနေတဲ့ တချို့ငါးမန်းအကောင်ကြီးတွေ ဆိုရင်လည်း ဗိုက်ထဲမှာ ငါးမန်းသားပေါက်တွေနဲ့ တွေ့ခဲ့ရတယ်” ဟု ၎င်းက ပြော သည်။

ရခိုင်ပြည်နယ်စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့တွင်လည်း ယခင်က ငါးမန်းသားပေါက် ရောင်းချမှုများကို ထင်ထင်ရှားရှား မတွေ့ခဲ့ရသော်လည်း လက်ရှိတွင် မြို့မဈေးကြီးအပြင် ရပ်ကွက်ဈေးများတွင် တရားဝင် ပုံစံ မျိုးကဲ့သို့ တွင်ကျယ်စွာ ရောင်းချမှုများ ရှိလာသည်ဟု မြို့ခံများက ပြောဆိုကြသည်။

“ဒီနေ့ မနက်ကလည်း ငါးမန်းသားပေါက်တစ်ကောင် ဈေးမှာတွေ့ခဲ့တယ်။ ငမန်းသားပေါက်တွေ ရောင်းချနေတာ ကို နေ့တိုင်းတော့ မတွေ့ရပေမဲ့ တစ်ခါတစ်လေဆိုရင် ငမန်းသားပေါက်တွေ အများကြီး ဈေးမှာ ရောင်းနေ ကြ တာတွေ့တယ်။ အရေးယူမှုလည်း မရှိတော့ ရောင်းတဲ့သူကရောင်းနေရင် ဝယ်တဲ့သူတွေကလည်း ဝယ်စားကြ တာပေါ့” ဟု စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ဒေါ်လှဝင်းနု က ပြောသည်။

ငါးမန်းသားပေါက် တစ်ကောင်လျှင် အရွယ်အစားပေါ်မူတည်ပြီး ငွေကျပ် ၅,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျော် ဈေးနှုန်းဖြင့် ရောင်းချနေကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူ စသည့်မြို့နယ်များတွင် ငါးမန်းသားပေါက်နှင့် လိပ်/လိပ်ဥများကို ဈေးတွင် ရောင်းချမှုများ ပြုလုပ်လာကြသည့်အပြင် အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုများကိုလည်း တွေ့လာရကြောင်း ဒေသခံများက ပြောဆိုကြသည်။

မျိုးတုန်းမည့်အရေးနှင့် ရင်ဆိုင်နေရသည့် ပင်လယ်နေသတ္တဝါများကို တရားဝင်ကဲ့သို့ ရောင်းချနေခြင်းမှာ သက် ဆိုင်ရာအာဏာပိုင်များ၏ အသိပညာပေးမှုနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု  ရှုမြင်မှုများရှိနေသည်။

ကျောက်ဖြူမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက “ငါးမန်းတွေကို တရားဝင်လည်း မဖမ်းရဘူး။ တရားမ ဝင်လည်း မဖမ်းရဘူး။ အမှန်ဆိုရင် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ဗီနိုင်းထုတ်ပြီး ဈေးတွေမှာ ကပ်တာတို့၊ ငါးလုပ် ငန်းလုပ်ကိုင်တဲ့ နယ်ဘက်တွေကိုဆင်းပြီး အသိပညာပေးတာတွေ လုပ်သင့်တယ်။ အခုက မျိုးတုန်းနေတဲ့အထဲ သားပေါက်လေးတွေကို ဈေးတွေမှာမြင်ရတော့ သိပ်စိတ်ညစ်ရတယ်။ လူထုတွေအနေနဲ့ ဗဟုသုတမရှိသလို ဌာန တွေအနေနဲ့လည်း အသိပညာပေးတာ၊ အရေးယူမှုတွေလုပ်တာ ဘာမှမတွေ့ရဘူး” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “ငါးမန်းသားပေါက်ကတော့ တားမြစ်ထားတဲ့ မျိုးစိတ်ထဲမှာပါတယ်။ ရောင်းချနေတာကိုတော့ မြို့နယ်တွေကို ပြန်ပြီးသေချာ စစ်ဆေးကြည့် ပါအုံးမယ်။ အခုလောလောဆယ်တော့ ပညာပေးမှုတွေလုပ်ဆောင်နေတယ်။ ဌာနအနေနဲ့လည်း တရားဝင် တား မြစ်ထားတယ်” ဟု ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၆၉၀/၂၀၂၀အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်(၅၇၇)မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (၉၁၄) မျိုးရှိပြီး ငါးမန်းများမှာ လုံးဝကာကွယ်ထားသည့် တိရစ္ဆာန်များထဲတွင် ပါဝင်သည်။

မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေတွင် တားမြစ်ထားသည့် ပင်လယ်နေသတ္တဝါများကို ဖမ်းဆီးခြင်း၊ အနှောင့်အယှက်ပေးခြင်းတို့ ပြုလုပ်ပါက အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ  အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၁၀၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင် ကြောင်း ဖော်ပြသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...