ဖားကန့်မှာ ရေဆက်တိုး

ဖားကန့်မှာ ရေဆက်တိုး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မိုးများပြီး ဥရုချောင်းရေများတိုးကာ မြို့ထဲရပ်ကွက်များအထိ ရေလျှံနေကြောင်း သိရသည်။

“ မိန်းကလေးဆိုရင် လည်ပင်းလောက်ထိ မြုပ်တယ်။ ဒီနေ့အခြေအနေ တော်တော်ဆိုးတယ်။ ကြိုးတံတားတောင် မြုပ်ပြီး ကျော်တောင်ကျော်နေပြီ” ဟု မရှီကထောင်ရပ်ကွက်မှ အမျိုးသမီးတဦးက ပြောသည်။

ဖားကန့်မြို့က ငှက်ပျောတော၊ မရှီကထောင်၊ ကျောက်ဝိုင်း၊ မှော်ဝမ်း၊ လုံးခင်း စသည့် ဒေသများ၌ လမ်းများပေါ်တွင်သာမက လူနေအိမ်များပေါ်အထိ ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေပြီး ရေစီးသန်ကြောင်း ဒေသခံထံက သိရသည်။ မိုးရွာသွန်းမှုများ၍ ရေကြီးခြင်းနှင့်အတူ မြေပြိုမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိတွင်လည်း မိုးဆက်လက်ရွာသွန်းနေပြီး ကယ်ဆယ်ရေးများလည်း ရှားပါးနေကာ ဒေသခံများမှာ အမြင့်ပိုင်းများသို့ မိမိဘာသာ ပြောင်းရွှေ့မှုများ ရှိနေဆဲဖြစ်သည်။

ဖားကန့်အပြင် မိုးကောင်းမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရပ်ကွက်လေးခုထက်မနည်း၌ ရေဝင်ရောက်နေကာ ယာယီကယ်ဆယ်ရေးစခန်း ခြောက်ခုထက်မနည်းဖွင့်လှစ်ထားရကြောင်း သိရသည်။

“ အရင်နှစ်တွေဆို စစ်ပြေးဒုက္ခသည်တွေမရှိဘူး။ ရေကြီးတယ်ဆိုရင် ကယ်ဆယ်ရေးတွေလည်း အများကြီးပဲ။ လောပန်းတွေကလည်း လှူကြတယ်။ ဒီနှစ်ကျ ကိုယ့်အိမ်ကိုယ် မနေရဘူး စစ်ပြေးတွေကလည်း များ။ လှူမယ့်သူလည်းမရှိဘူး၊ ဒီနှစ်က ကယ်ဆယ်ရေးလည်း မရှိဘူး။ ဦးစီးဦးဆောင်လုပ်မယ့်သူလည်း မရှိဘူး” ဟု ဖားကန့်မြို့ခံတဦးက ပြောသည်။

မိုးဇလ၏ ယနေ့ (ဇွန်လ ၂၁ ရက်) ညနေ ၄ နာရီတိုင်းတာချက်အရ ကချင်၊ ရခိုင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် လာမည့် ဇွန်လ ၂၃ ရက်အထိ မိုးပိုနိုင်သေးကြောင်း သိရသည်။

June 23, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်က စစ်ကြောင်းထိုးနေ၍...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
June 19, 2026
မောင်ခက်နွေ — လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့်...
ကလေးမြို့ပြင်သာ သုဿန်တွင် နာရေးပြုလုပ်နေစဥ် (ပုံဟောင်း /ကာယကံမေတ္တာလူမှုကူညီရေးအ သင်း) ။
June 18, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုတပ်က အမျိုးသားတဦးကို သတ်ဖြတ်ပြီး...