စစ်အုပ်စုတပ်က သတ်ဖြတ်အလောင်းဖျောက်ခဲ့သည့် ကလေးမြို့ခံအမှု နစ်နာသူများ အမှုမဖွင့်ရဲဖြစ်နေ

စစ်အုပ်စုတပ်က သတ်ဖြတ်အလောင်းဖျောက်ခဲ့သည့် ကလေးမြို့ခံအမှု နစ်နာသူများ အမှုမဖွင့်ရဲဖြစ်နေ
ကလေးမြို့ပြင်သာ သုဿန်တွင် နာရေးပြုလုပ်နေစဥ် (ပုံဟောင်း /ကာယကံမေတ္တာလူမှုကူညီရေးအ သင်း) ။
ကလေးမြို့ပြင်သာ သုဿန်တွင် နာရေးပြုလုပ်နေစဥ် (ပုံဟောင်း /ကာယကံမေတ္တာလူမှုကူညီရေးအ သင်း) ။

ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုတပ်က အမျိုးသားတဦးကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည်ဟု ယူဆရသည့်အမှုတွင် နစ်နာသူမိသားစုဝင်များအနေဖြင့် လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သဖြင့် အမှုမဖွင့်ရဲဘဲ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

“အမှုဖွင့်တယ်လို့ မသိရဘူးဗျ။ သူတို့က အခြေခံလူတန်းစားတွေ လည်လည်ဝယ်ဝယ်လည်း မရှိဘူး။ အမှုဖွင့်ခဲ့ရင်လည်း သူတို့အပေါ် ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်လာမှာကိုလည်း စိုးရိမ်ဟန်တူတယ်” ဟု လူအသတ်ခံရမှုဖြစ်စဉ်ကို သိရှိထားသည့် ကလေးဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဖြစ်စဉ်မှာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နေ တံမြက်စည်း ခြေလျင်ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ ကိုရဲဇော် (၃၃ နှစ်) သည် ဇွန်လ ၁၂ ရက်နေ့က မြို့အတွင်းသို့ တံမြက်စည်းများရောင်းချရန် နေအိမ်မှ ထွက်ခွာသွားစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် မိသားစုဝင်များက လိုက်လံရှာဖွေရာ ဇွန်လ ၁၅ ရက်နေ့တွင် ကလေးမြို့ ပြင်သာသင်္ချိုင်း၌ နှိပ်စက်ထားသည့် ဒဏ်ရာများအပြင် နားထင်နှင့် လည်ပင်းတို့တွင် သေနတ်မှန်ထားသည့် ဒဏ်ရာများဖြင့် မြေမြှုပ်ထားသည့် အလောင်းကို ပြန်လည်တူးဖော်ရရှိခဲ့သည်။

အလောင်းစတင်တွေ့ရှိချိန်က ဒဏ်ရာများဖြင့် သေဆုံးမှုအပေါ် သာမန်အသတ်ခံရခြင်းမျိုး ယူဆမိခဲ့ကြသော်လည်း သေနတ်ဒဏ်ရာ နှစ်ချက်တွေ့ရခြင်းနှင့် ဖြစ်စဉ်နောက်ခံများကြောင့် စစ်အုပ်စုတပ်က သတ်ဖြတ်ခြင်းဖြစ်ကြောင်း မြို့ခံများက ကောက်ချက်ချခဲ့ကြသည်ဟု ဒေသခံက ဆိုသည်။

“စစ်တပ်က လျော်ကြေးပေးတာ၊ တာဝန်ယူတာမျိုး မကြားမိဘူးဗျ။ ဒါမျိုးက သူတို့လုပ်နေကျပဲလေ။ သတ်ချင်တဲ့သူသတ်ပြီး အလောင်းဖျောက်နေတာ သိပ်ဆန်းတဲ့ကိစ္စမဟုတ်တော့ဘူး” ဟု ကလေးမြို့ဒေသခံက ဆက်ပြောသည်။

စစ်အုပ်စုတပ်သည် အရပ်သားပြည်သူများကို ပစ်သတ်ပြီးပါက လုံခြုံရေးစစ်ဆေးမှုအား ရပ်တန့်မပေးခြင်း၊ စစ်ဆေးမှုကို ကောင်းစွာလက်မခံဘဲ ထွက်ပြေးခြင်း သို့မဟုတ် UG (မြေအောက်လှုပ်ရှားသူ)၊ PDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ဝင် စသဖြင့် တံဆိပ်အမျိုးမျိုးတပ် အကြောင်းပြလေ့ရှိသဖြင့် ကျန်ရစ်သူမိသားစုများမှာ အမှုဖွင့်ရန် သို့မဟုတ် တရားမျှတမှုရရန် မတောင်းဆိုရဲဖြစ်နေရကြောင်း ၎င်းကဆိုသည်။

ကလေးမြို့နယ်၌ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုတပ်က ဦးခေါင်းနောက်မှ သေနတ်ဖြင့်တေ့ပစ်ထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းများကို ဒိုးဝိုင်းချောင်းသုဿာန်တွင် မကြာခဏ မီးသင်္ဂြိုဟ်လေ့ရှိပြီး ယနေ့တိုင် ထိုသို့ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အသတ်ခံခဲ့ရသည့် ကိုရဲဇော်တွင် ကလေးငယ်နှစ်ဦးနှင့် အိမ်ထောင်ဘက်အမျိုးသမီး ကျန်ရစ်ခဲ့ပြီး ၎င်း၏ နာရေးရက်လည်ကို မိသားစုဝင်များက ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ် စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်အောက်ခံများကြောင့် သေဆုံးသူ ၈,၀၉၄ ဦးရှိပြီး သေဆုံးသူ လူ ၅,၀၀၀ ခန့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...
August 17, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ်...