ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ မြေရှားသတ္တုတွေကို တူးဖော်ရာမှာ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းအောင် ထိန်းသိမ်းကာကွယ်တဲ့ နည်းလမ်းနဲ့ တူးဖော်သွားဖို့ တရုတ်ကုမ္ပဏီတွေနဲ့ သဘောတူညီမှု ရယူထားတယ်လို့ KIO ဘက်က ပြောပါတယ်။
မြေရှားသတ္တု တူးဖော်မှုကြောင့် သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းအောင် တရုတ်ကုမ္ပဏီတွေကို ပြောဆိုထားတဲ့အကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“အရင်ကလို ပစ်စလက်ခတ် ဘေးပတ်ဝန်းကျင်ပျက်စီးမှုမဖြစ်အောင် ကုမ္ပဏီတွေနဲ့ ပြောထားပြီး ဆိုးကျိုးသက်ရောက်မှု နည်းအောင် ထိန်းသိမ်းကာကွယ်တဲ့ နည်းလမ်းလုပ်ရအောင်လို့တော့ သဘောတူညီမှုရယူထားပြီး လည်ပတ်နေမှုတော့ ရှိပြီ။ သစ်ပင်၊ ဝါးပင်တွေ၊ မြစ်ချောင်းတွေ၊ ငါးတွေ၊ ရေနေသတ္တဝါတွေကို ထိန်းသိမ်းကာကွယ်နိုင်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်နိုင်အောင် နည်းပညာတွေကို ပိုပြီးမြင့်မားရအောင်လို့ ညှိနှိုင်းသဘောတူထားပြီး လုပ်ဆောင်နေတယ်။ လုပ်ပြီးတဲ့ လုပ်ကွက်တွေကိုလည်း တတ်နိုင်သလောက် ဖြစ်နိုင်သလောက် ပြန်မွမ်းမံထားရမယ်ဆိုတာတွေပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ ထိန်းချုပ်ခဲ့တဲ့ ချီဖွေ၊ ပန်ဝါက မြေရှားလုပ်ကွက်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီးနောက် ယခင်ကတည်းက ရှိနေသော တရုတ်ကုမ္ပဏီတွေနဲ့ KIO က ဆက်လက်လက်တွဲကာ လုပ်ငန်းပြန်လည် လည်ပတ်နေတာ တစ်နှစ်ခန့်ရှိပြီလို့ KNG က စုံစမ်း သိရှိပါတယ်။
KIA စတင်ထိန်းချုပ်စဉ်က ချီဖွေ၊ ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်တဲ့လုပ်ကွက်ပေါင်းကို ကောက်ယူခဲ့ပေမယ့် အသေးစိတ်ကို KIO ဘဏ္ဍာရေးဌာနကပဲ သိမယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ယခင်ပြည်သူ့စစ်နဲ့ လက်တွဲခဲ့တဲ့ တရုတ်ကုမ္ပဏီတွေကလည်း အခုတော့ KIO အစိုးရရဲ့ ပေါ်လစီအတိုင်း သဘောတူလိုက်နာပြီး တရုတ်အစိုးရနဲ့ KIO အစိုးရ နှစ်ဖက်ရဲ့ ခွင့်ပြုချက်နဲ့ မြေရှားသတ္တု ဆက်လက်တူးဖော်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ချီဖွေ၊ ပန်ဝါဒေသရှိ မြေရှားသတ္တတူးဖော်ရေးလုပ်ငန်းတွေမှာ အုပ်ချုပ်သူ အပြောင်းအလဲဖြစ်သွားရုံက လွဲပြီး လုပ်ငန်း ယန္တရားလည်ပတ်ပုံ ထွေထွေထူးထူး အပြောင်းအလဲ မရှိသေးဘူးလို့ မြေပြင်မှာ လုပ်ငန်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။
သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့ကျအောင် KIO က လုပ်ကွက်တွေကို ကွင်းဆင်းစစ်ဆေးတာမျိုး ပြုလုပ်တယ်လို့ မြေရှား လုပ်သားတွေက ဆိုပါတယ်။
“ဟိုတစ်ခေါက်ကပဲ KIA ဗိုလ်ကြီးတစ်ယောက်လာပြီး ပြောသွားတယ်။ တောင်တွေကို ပြောင်သွားအောင် မခုတ်လိုက်ဖို့၊ တရုတ်တွေကတော့ တချို့တောင်တွေကို အကုန်ပြောင်အောင် ရှင်းလိုက်ပြီးပြီ၊ တချို့ကတော့ မလုပ်သေးဘူး။ တစ်ခါတလေတော့ KIA ဘက်က အရာရှိတွေလာရင်လည်း ကုမ္ပဏီတွေထဲ အသေးစိတ် လိုက်မကြည့်တာများတော့ တရုတ်တွေက တောင်တွေကိုပြောင်အောင် အကုန်ရှင်းအောင် လုပ်ပစ်လိုက်တယ်။ ဒါပေမဲ့ KIO အစိုးရကတော့ အဲလိုမလုပ်ဖို့ ပြောထားတာတွေရှိတာပေါ့။ အရင်တုန်းကတော့ အဲလိုတွေမရှိဘူး။ ပြည်သူ့စစ်ခေတ်တုန်းကတော့ သက်ဆိုင်ရာဘက်ကလည်း အဲလိုစစ်ဆေးရေးတွေမလာဘူး။ အခုတော့ KIA ဘက်က တစ်လမှာ တစ်ကြိမ်၊ နှစ်ကြိမ် လာရောက်ကွင်းဆင်း စစ်ဆေးကြည့်ရှုတာတွေရှိတယ်။” လို့ ပန်ဝါရှိ အမည်မဖော်လိုသူ မြေရှားလုပ်သားတစ်ဦးက ပြောဆိုပါတယ်။
တရုတ်ကုမ္ပဏီတွေဘက်ကတော့ တောင်တစ်တောင်ကို မြေရှားတူးပြီးနောက် အမှိုက်အိတ်တွေကို နိုင်သမျှ သိမ်းဆည်းသွားတာကလွဲပြီး ပတ်ဝန်းကျင်ကို ပြန်လည်မွမ်းမံပြင်ဆင်ပေးတာ မရှိသေးဘူးလို့ လုပ်သားတွေက ပြောပါတယ်။
ဗိုလ်မှူးကြီးနော်ဘူ ပြောဆိုချက်အရ ချီဖွေ၊ ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်ဖို့ ကုမ္ပဏီအသစ် ထပ်သွင်းတာမျိုး၊ လုပ်ကွက် ဧရိယာနဲ့ လုပ်ကွက်အသစ်တွေ ချမှတ်ပေးတာမျိုး၊ အသစ်ထပ်တိုးချဲ့တာမျိုးတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
သို့သော် နဂိုကတည်းက အဲဒီဒေသမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကတော့ တောင်တွေကို ထပ်ရှင်းလင်းကာ မြေတွေကို စမ်းသပ်တူးဖော်ပြီး မြေရှားထွက်တဲ့နေရာတွေဆိုရင် လုပ်ကွက်အသစ်ထပ်ဖော်ဆောင်နေတာတွေ ဆက်တိုက်ရှိနေတယ်လို့ မြေပြင်မှာ လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
၂၀၂၆ ဇန်နဝါရီလဆန်းပိုင်းက ပန်ဝါမြို့မှာ တရုတ်အစိုးရ ကိုယ်စားလှယ်တချို့ လာရောက်ခဲ့ရာ ‘မြေရှားသတ္တုတူးဖော်နေတဲ့ ကုမ္ပဏီတွေ၊ တရုတ်နိုင်ငံသားတွေကို လာရောက်ကွင်းဆင်းကြည့်ရှုတာမျိုးသာ ဖြစ်နိုင်ပြီး KIO နဲ့ မြေရှားနဲ့ ပတ်သက်ပြီး မူပေါ်လစီ ဆွေးနွေး ညှိနှိုင်းဖို့ လာတာ မဟုတ်လောက်ဘူး’ လို့ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောပါတယ်။ ထိုအခြေအနေနဲ့ ပတ်သက်ပြီး KIA က အသေးစိတ် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
KIO အစိုးရအနေနဲ့ ချီဖွေ၊ ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်ပြီး ဒေသခံပြည်သူအကျိုးအတွက် အရေးပါတဲ့ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းတံတားတွေအတွက်လည်း တာဝန်ယူလုပ်ဆောင်ပေးနိုင်ဖို့ ပေါ်လစီတွေလည်း ချမှတ်ထားတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်ရှိ ချီဖွေ၊ ပန်ဝါဒေသကို ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ကချင်ဒေသရှိ မြေရှားလုပ်ကွက်အားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ချီဖွေ၊ ပန်ဝါဒေသမှာ တူးဖော်နေတဲ့ မြေရှားသတ္တုအားလုံးကို လက်ရှိအချိန်ထိလည်း တရုတ်နိုင်ငံကို ဆက်လက်တင်သွင်းနေဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်မှ မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ စံချိန်တင် မြင့်တက်ခဲ့သည်။
ချီဖွေ ၊ ပန်ဝါဒေသကို KIA က သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၅ ခုနှစ်မှစတင်ကာ တရုတ်မြေရှားကုမ္ပဏီများသည် ရှမ်းပြည်အရှေ့ဘက်ခြမ်း UWSA ထိန်းချုပ် ဧရိယာများတွင်လည်း တူးဖော်မှု စတင်လုပ်ဆောင်လာခဲ့သည်။







