နမ့်လန်မှာ တစ်ရက်တည်း သေနတ် ပစ်ခတ်မှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွား

နမ့်လန်မှာ တစ်ရက်တည်း သေနတ် ပစ်ခတ်မှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွား

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင်း၌ ဇွန်လ ၇ ရက်နေ့ တစ်ရက်တည်းအတွင်း သေနတ် ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၇ ရက်နေ့၊ မွန်းလွဲပိုင်း ၁၂ နာရီ ဝန်းကျင် အချိန်ခန့်တွင် နမ့်လန်မြို့ တောင်ပိုင်းရပ်ကွက်အတွင်း ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) တပ်ဖွဲ့က တပ်သားသစ်ဝင်ရောက် ကောက်ယူခဲ့ပြီး မိုးပေါ်ထောင် သေနတ်ပစ် ခြိမ်းခြောက်မှု ပြုခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်လန်မြို့နေ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးက “တောင်ပိုင်းရပ်ကွက်ထဲကို တပ်သားသစ်ကောက်ဖို့ ရောက်လာကြတယ်။ ပြီးတော့ သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်လိုက်တယ်။ အဲ့ကြောင့် ပြည်သူတွေက ကြောက်လန့်ပြီး အိမ်တံခါးတွေ၊ ဈေးဆိုင်တွေကို ပိတ်လိုက်တယ်။ SSPP ကတော့ သေနတ်ပစ် ခြိမ်းခြောက်ပြီး လူငယ်အမျိုးသား ၃/၄ ယောက်ကို ဖမ်းခေါ်သွားတယ်။ စာရင်း အတိအကျတော့ မသိရဘူး” ဟု သျှမ်းသံတော် ဆင့်ကို ပြောသည်။

SSPP/SSA မှ သေနတ်ပစ် ခြိမ်းခြောက်ပြီး တပ်သားသစ်အတွက် လူငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နာရီဝက် ခန့် အကြာတွင် နောက်ထပ် ပစ်ခတ်သံ တစ်သံလည်း ထွက်ပေါ်လာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကို ဆက်ပြောသည်။

ဒုတိယအကြိမ် ထွက်ပေါ်လာသည့် ပစ်ခတ်သံသည် နမ့်လန်မြို့ မူလကျောင်းကြီးစာသင်တိုက် အနီးမှ ထွက်ပေါ် လာခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“မူလ ကျောင်းကြီး စာသင်တိုက် အနီးမှာ တပေါင်းကွင်း ရှိတယ်။ စစ်တပ်က အဲ့အနီးမှာ နေရာယူပြီးတော့ ပစ်ခတ်လိုက်တာ။ နမ့်လန် တပ်နယ်မှူးကိုယ်တိုင် ဦးဆောင်ပြီး ပစ်လိုက်တာတဲ့။ ဘာကြောင့် ပစ်လိုက်လဲတော့ မသိဘူး။ ဒီပစ်ခတ်သံက အသံတွေ ရောထွေးနေတယ်” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

SSPP/SSA တပ်ဖွဲ့မှ ညအချိန်ဘက် နမ့်လန်မြို့တွင်း တပ်သားသစ် လိုက်လံစုဆောင်းနေသည်မှာ တစ်ပတ်ကျော် ကြာပြီဟု ဒေသခံများက ပြောသည်။

ထိုသို့ နမ့်လန်မြို့တွင်း တစ်ရက်တည်း ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခြင်း၊ တပ်သားသစ်အတွက် မြို့တွင်း လူငယ်များကို ဝင်ရောက်ဖမ်းဆီးခြင်း နှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တပ်ဖွဲ့ထံသို့ အကြိမ်ကြိမ် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့ အတွင်း၌ စစ်မှုထမ်းဆောင်ရန် SSPP/SSA တပ်ဖွဲ့မှ သေနတ်ပစ်ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် အထိုင်ချ တပ်စွဲထားသည့်...
ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...