ရခိုင်ပြည်သူ ၉ သိန်း ၃ သောင်းအပါအဝင် မြန်မာပြည်သူ ၁၇ သိန်းခွဲ မုန်တိုင်းဒဏ်ခံရနိုင်ဟု GDACS က ထုတ်ပြန်

ရခိုင်ပြည်သူ ၉ သိန်း ၃ သောင်းအပါအဝင် မြန်မာပြည်သူ ၁၇ သိန်းခွဲ မုန်တိုင်းဒဏ်ခံရနိုင်ဟု GDACS က ထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်သူ ၉ သိန်း ၃ သောင်း အပါအဝင် မြန်မာပြည်သူ ၁၇ သိန်းခွဲ မုန်တိုင်းဒဏ်ခံရနိုင်သည်ဟု ကမ္ဘာ့သဘာဝဘေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (Global Disaster Alert and Coordination System) က ထုတ်ပြန်သည်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်သူ ၉၃၀,၀၀၀၊ စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀၊ ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀၊ မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ စုစုပေါင်း လူဦးရေ ၁၇ သိန်းခွဲမှာ အန္တရာယ်ရှိသည့် လေပြင်း တိုက်ခိုက်ခြင်းကို ခံရနိုင်ကြောင်း GDACS က မေလ ၁၁ ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကို အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်) ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရာက်တိုက်ခိုက်မည့် အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် ထုတ်ပြန် ထားသည်။

ယင်းအပြင် မုန်တိုင်းအရှိန်ကြောင့် စစ်တွေ လေယာဉ်ကွင်း၊ ထီးလင်း နှင့် ဂန့်ဂေါလေယာဉ်ကွင်းများ အဓိက ထိခိုက်ပျက်စီးနိုင်ကြောင်း သတိပေးထားသည်။

တိုင်းတာချက်များအရ “ONE” (01B) ဖြစ်လာပြီး မုန်တိုင်းလမ်းကြောင်းမှာလည်း စစ်တွေကို ဝင်ရောက်မည်မှာ သေချာသွားပြီဟု မိုးလေဝါသလေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားသုံးသပ်ထား သည်။

မြန်မာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကမူ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)”သည် (၁၄.၅.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင် ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar) နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu) တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရ ကြောင်း မေလ ၁၁ ရက်နေ့ (ယနေ့) နံနက် ၇ နာရီ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...