လဲချားမြို့နယ် သျှမ်းတပ် (၂)တပ် ပစ်ခတ်သံကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရ

လဲချားမြို့နယ် သျှမ်းတပ် (၂)တပ် ပစ်ခတ်သံကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာမှုကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးရပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းတပ် (၂) တပ် ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS /SSA တို့က လဲချားမြို့နယ်အတွင်း ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံများ စစ်ရှောင်ထွက်ပြေးရကြောင်း သိရသည်။

“အခုချိန်က တောင်ယာ လုပ်ငန်းခွင်တွေ စရမဲ့ အချိန်ဖြစ်နေတာ သူတို့က အခုလို တိုက်ပွဲဖြစ်တော့ ကျနော်တို့ ပြည်သူတွေက ဘာလုပ်စားနိုင်တော့မှာလဲ၊ ကျနော်တို့ ပြည်သူအနေနဲ့တော့ နှစ်ဖက် တပ်ဖွဲ့က တာဝန်ရှိသူတွေကို ညှိနှိုင်းဆွေးနွေးစေချင်တယ်၊ တိုက်ပွဲမဖြစ်စေချင်ဘူး” ဟု လဲချားမြို့နေ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မှ စတင်ကာ လဲချားမြို့နယ် အတွင်း၌ သျှမ်းတပ် (၂ ) တပ်က ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး ဝမ်ဆန်းကျေးရွာအုပ်စု၊ ဟိုင်းဆိုင်ကျေးရွာအုပ်စု (ဝၢၼ်ႈႁၢႆးသႅင်) နှင့် ဝမ်ကျယ်ကျေးရွာ အုပ်စု (ဝၢၼ်ႈၸေႈ) တို့မှ ဒေသခံ ၅၀၀ ကျော်က စစ်ရှောင် ထွက်ပြေးရခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ရှောင်များသည် လဲချားမြို့နယ်ရှိ ဝါဆိုကျောင်းတိုက် နှင့် ကျောင်းခမ်းတို့သော်လည်းကောင်း၊ နီးစပ်ရာ အမျိုးများ အိမ်တွင်သော်လည်းကောင်း စစ်ရှောင်ခိုလှုံ ရောက်ရှိနေကြကြောင်း သိရသည်။

ယင်းကဲ့သို့ သျှမ်းတပ် (၂) တပ် ထိတွေ့တိုက်ပွဲကြောင့် ပြည်သူများ စစ်ရှောင်ထွက်ပြေးရသည့်အပြင် လုပ်ငန်းဆောင်တာများလည်း ထိခိုက်ကြောင်း စစ်ရှောင်ထွက်ပြေးနေရသည့် အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ရဲ့ တိုက်ပွဲက ဘယ်လောက်ကြာမလဲဆိုတာ မသိနိုင်သေးဘူး၊ ကြာလာရင်တော့ ကျနော်တို့ စားဝတ်နေရေးတွေ ခက်ခဲလာနိုင်မှာက အမှန်ပဲ၊ အခုမှလည်း ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီပံ့ပိုးတာလည်း မရှိဘူး” ဟု စစ်ရှောင်နေသည့် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်သည် ပွင့်လင်းရာသီ နွေရာသီလည်း ရောက်လာသည့်အတွက် ရာသီဥတု အပြောင်းအလဲကာလ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများလည်း ဖြစ်ပွားနိုင်သည့်အတွက် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများကို စစ်ရှောင်များ၏ ကျန်းမာရေးအတွက် စောင့်ရှောက်မှု ပေးစေလိုကြောင်းလည်း ၎င်းက ပြောသည်။

သျှမ်းတပ် (၂) တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ လဲချားမြို့နယ် အတွင်းသို့ နှစ်ဖက်တပ်ဖွဲ့မှ စစ်အင်အား အများအပြား ဖြည့်တင်း လှုပ်ရှားမှု ရှိနေကြောင်းလည်း သိရသည်။

သျှမ်းတပ် (၂) တပ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်ကောင်စီ နှင့် နေပြည်တော်ထိ သွားရောက်တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

Most read this week

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...