လဲချားမြို့နယ်အတွင်း သျှမ်းတပ် ၂ တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွား

လဲချားမြို့နယ်အတွင်း သျှမ်းတပ် ၂ တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွား

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းတွင် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/ SSA တို့ယနေ့ (ဧပြီ ၉) ရက် နံနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။

(ဧပြီ ၉) ရက် နံနက်ပိုင်း တွင် လဲချားမြို့နယ်၊ စလိုင်းလွယ်ရွာ အနီး၌ သျှမ်းတပ်နှစ်တပ် ဖြစ်ကြသည့် SSPP/SSA နှင့် RCSS/SSA တို့က ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ဖြစ်စဥ်ကို သိရှိသူ နယ်မြေ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပစ်ခတ်မှုကတော့ မကြာဘူး၊ ၁၀ မိနစ်လောက်ပဲ အသံတွေ ထွက်လာတယ်၊ ပြီးတော့ ပြန်တိတ်သွားတယ်၊ နှစ်ဖက်က ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ သိရတယ်၊ လူအင်အားအများကြီးနဲ့ ပစ်ကြတာမျိုးတော့ မဟုတ်ဘူး၊ သွားရင်းလာရင်းနဲ့ ပစ်ကြတာလား ၊ ချောင်းပစ်ကြတာလားတော့ ကျနော် မပြောတတ်ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုကြောင့် SSPP/SSA တပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရပြီး၊ RCSS/SSA တပ်သား တစ်ဦးသေ၊ တစ်ဦး အရှင်ဖမ်းမိထားကြောင်း သတင်းများထွက်ပေါ်လာသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းကဲ့သို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး ဖြစ်စဥ်အသေးစိတ် မေးမြန်းသိရှိနိုင်ရန်အတွက် သျှမ်းတပ် နှစ်တပ်၏ ပြောရေးဆိုခွင့်ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

RCSS/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းနှင့် ဧပြီလ ပထမပတ် အတွင်းမှာလည်း မောက်မယ်မြို့နယ် ၊ ကဒူးကြီး ဒေသအတွင်း၌ PNLO/PNLA တပ်ဖွဲ့နှင့်လည်း ထိတွေ့ ပစ်ခတ်မှု ရှိခဲ့သည်။

သျှမ်းတပ် နှစ်တပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း ကွန်ဟိန်းမြို့နယ်အတွင်း၌ ထိတွေ့ပစ်ခတ်မှု ရှိခဲ့ကြသည်။

၂၀၂၃ ခုနှစ်အတွင်း သျှမ်းတပ်နှစ်တပ်၏ ထိတွေ့တိုက်ပွဲသည် ကွန်ဟိန်းမြို့နယ်အတွင်းမှ ပထမဆုံးအကြိမ် ဖြစ်နေပြီး ၊ ယခု လဲချားမြို့အနီး ထိတွေ့ ပစ်ခတ်မှုသည် ဒုတိယ အကြိမ် ဖြစ်သည်။

Most read this week

February 17, 2026
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်...
February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...