တိုက်ပွဲတွေကြောင့် ထိုင်း-ကယားနယ်စပ်ကို ထွက်ပြေးလာသူ ၁၀၀၀ နီးပါးရှိလာ

တိုက်ပွဲတွေကြောင့် ထိုင်း-ကယားနယ်စပ်ကို ထွက်ပြေးလာသူ ၁၀၀၀ နီးပါးရှိလာ

ကယားပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်းမှာ တိုက်ပွဲပြေပြင်းထန်နေတာကြောင့် ထိုင်း-ကယားနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀ နီးပါး ရှိလာတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်စပ်ကိုရွှေ့ပြောင်းလာတဲ့ ကယားစစ်ရှောင်အများစုဟာ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဖြစ်ကြပြီး သူတို့တွေဟာ ဒီးမော့ဆိုအရှေ့ခြမ်းကို မတ်လအစောပိုင်းကစပြီး စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးရှောင်လာကြတာ ဖြစ်ပါတယ်။

အဲဒီစစ်ရှောင်အများစုဟာ ဒေါတမကြီး ကျေးရွာအုပ်စုထဲမှာ နေထိုင်သူတွေဖြစ်ပြီး အနည်ဆုံး ၅ ရက်လောက် လမ်းလျှောက်ရတဲ့ ထိုင်း-ကယားနယ်စပ်ကို ခက်ခက်ခဲခဲနဲ့ လာရောက်တိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။

နယ်စပ်ဒေသကို စစ်ရှောင်လာတဲ့ ပြည်သူတွေဟာ စစ်ကောင်စီစစ်ကြောင်းထိုးလာရင် ထိုင်းဘက်ခြမ်းကို ဝင်ပြေးလို့ရတာနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် တိမ်း ရှောင်လာကြတာလို့ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ တစ်နေ့ထက်တစ်နေ့တိုးလာပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ပိုမိုလိုအပ်နေသလို စစ်ကောင်စီဘက်က ဖြတ်လေးဖြတ်နဲ့ စစ်ရှောင်တွေဆီ အခြေခံအသုံးအဆောင်တွေ သယ်ယူလို့မရအောင် တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ (၈၀) ရာခိုင်နှုန်းလောက် ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီအရေအတွက်ဟာ လူဦးရေ (၃)သိန်းလောက်အခြေချနေထိုင်တဲ့ ပြည်နယ်မှာ (၂)သိန်းခွဲကျော် ထွက်ပြေးနေရတာဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - KANTHARYADDY TIMES

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...