၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့နောက်ပိုင်း ကျရောက်မည့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အထူးစည်ကားစွာ ကျင်းပရန်အတွက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)က ၎င်းတို့ ထိန်းချုပ်ရာနယ်မြေများတွင် အပြိုင်အဆိုင် ပြင်ဆင်နေသည်ကို တွေ့ရသည်။
ပြည်နယ်စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့တွင် လမ်းမကြီး ဦးဥတ္တမပန်းခြံရှေ့၌ အလျားပေ ၁၃၀၊ အမြင့် ၆ ပေ ရှိသည့် သင်္ကြန် ဗဟိုရေလောင်းမဏ္ဍပ်ကို စစ်ကောင်စီက ဆောက်လုပ်နေပြီး ကမ်းနားလမ်းတွင်လည်း လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
“အစိုးရက ပိုက်ဆံ ဘယ်လောက်အကုန်ကျခံပြီး ဆောက်လုပ်နေတာတော့ မသိဘူး။ မဏ္ဍပ်ကတော့ အရင်နှစ်နဲ့အတူတူပဲ။ ရခိုင်အဆိုတော်တွေနဲ့ ပျော်ပျော်ပါးပါး ကျင်းပမယ်။ ပြီးရင် အရင်နှစ်ကလို လမ်းလျှောက်သင်္ကြန်ကိုလည်း ကမ်းနားလမ်း အာရီယန်ဆိုင်ကနေ တြိဂံခွဆုံအထိ လုပ်မယ်လို့ ပြောတယ်”ဟု မဏ္ဍပ်ဆောက်လုပ်နေသည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထို့အတူ ရခိုင်ပြည် သံတွဲ၊ ကျောက်ဖြူ၊ အမ်း၊ မောင်တော စသည့် မြို့ပေါ်တွင်လည်း စစ်ကောင်စီက သင်္ကြန်ရေလောင်းမဏ္ဍပ်များကို အထူးစည်ကားအောင်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက “သင်္ကြန်ပွဲတော်ကို အထူးစပယ်ရှယ် ကျင်းပမှာဖြစ်ပါတယ်။ မနက်ဖြန်ကစပြီးတော့ မဏ္ဍာပ်ဆောက်လုပ်တော့မှာပါ။ မဏ္ဍာပ်ကိုလည်း ကျောက်ဖြူဗျူးပွိုင့်နားမှာ အရင်နှစ်က ဆောက်လုပ်ခဲ့တဲ့နေရာမှာ ဆောက်လုပ်မှာပါ။ အကုန်လုံးကို အစိုးရက အကုန်ကျခံမှာပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို စစ်ကောင်စီနှင့်အပြိုင် လုပ်ဆောင်နေသော ရက္ခိုင့်တပ်တော်(ULA/AA)ကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် နေရာများတွင် သင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် ပိုမိုစည်ကားအောင် ဖန်တီးနေသည်။ ဇီးချောင်းသင်္ကြန်၊ လေးမြို့မြစ်ရေပေါ်သင်္ကြန်နှင့် အခြားနေရာတို့တွင် AA က ဦးဆောင်ပြီး သင်္ကြန်ပွဲကျင်းပရန် စီစဉ်နေခြင်းလည်းဖြစ်သည်။
ULA/AA က ဦးဆောင်ကျင်းပခြင်းဖြစ်၍ မနှစ်ကပင် နာမည်ကြီးခဲ့သော ကျောက်တော်မြို့နယ်ရှိ ဇီးချောင်းသင်္ကြန်ပွဲတော်ကို ယခုနှစ်တွင်လည်း ဧပြီ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။
“ဒီနှစ်ကတော့ အရင်နှစ်ကထက် စည်းကမ်းတကျ လုပ်ထားတယ်။ လမ်းဆိုရင်လည်း အဝင်တစ်လမ်း၊ အထွက်တစ်လမ်း အဲဒီလိုပေါ့။ ကားပါကင်ဆိုရင်လည်း စနစ်တကျပေါ့။ အရင်နှစ်ကထက် အများကြီးလည်း ကောင်းသွားတယ်။ စည်ကားမယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ဇီချောင်းသင်္ကြန်ပွဲကျင်းပရေး ဖြစ်မြောက်ရေးကော်မတီဝင် ဦးထွန်းသာစိန်က DMG ကို ပြောသည်။
ဇီးချောင်းသင်္ကြန်ပွဲတွင် အလျားပေ ၂၀၀ ရှိသည့် ရိုးရာရေလောင်းမဏ္ဍပ် အပါအဝင် ရခိုင်ပြည်မှ နာမည်ကြီး အဆိုတော်များ ပါဝင်သော ခေတ်မီ စတိတ်ရှိုးများဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် တို့ သင်္ကြန်ပွဲတော်အတွက် အပြိုင်အဆိုင် ပြင်ဆင်နေမှုအပေါ် ရခိုင်လူငယ်များက စိတ်ဝင်စားနေကြသည်။
“သင်္ကြန်ကို အပြိုင်အဆိုင်ချနေကြတော့ တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ မနှစ်ကတော့ ဇီးချောင်းသင်္ကြန်ကို သွားတယ်။ အရမ်းပျော်စရာကောင်းတယ်။ ဒီနှစ်လည်းသွားဖြစ်မယ်ထင်တယ်။ ကိုယ့်ရက္ခိုင့်တပ်တော်က ကျင်းပတဲ့ ပွဲဆိုတော့ ပိုပြီးတော့ အားပေးရမယ်”ဟု စစ်တွေဒေသခံ နန်းနန်းဝေကဆိုသည်။
ရက္ခိုင့်တပ်တော်က ကျင်းပခဲ့သည့် ယမန်နှစ် ဇီးချောင်းသင်္ကြန်ပွဲကို ရခိုင်မြောက်ပိုင်းမှ လူငယ်ဒေသခံများ နေ့စဉ် သောင်းချီလာရောက်ဆင်နွှဲခဲ့ပြီး အထူးစည်ကားခဲ့သည်ကို တွေ့ရသည်။
ရခိုင်ပြည်မှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လူသားချင်းစာနာမှုကို အခြေခံကာ အပစ်အခတ်ရပ်စဲထားသဖြင့် တိုက်ပွဲ ရပ်တန့်နေသည်မှာ ၄ လကျော် ကြာမြင့်နေပြီဖြစ်သည်။







