စစ်တွေနှင့် သံတွဲလေဆိပ် အဆင့်မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်ရန် စစ်ခေါင်းဆောင်ပြော

စစ်တွေနှင့် သံတွဲလေဆိပ် အဆင့်မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်ရန် စစ်ခေါင်းဆောင်ပြော
ယခုနှစ်အတွင်း စစ်တွေလေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - DMG
ယခုနှစ်အတွင်း စစ်တွေလေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - DMG

ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် လေယာဉ်ပြေးလမ်းနှင့် လေဆိပ်တို့ကို တိုးချဲ့အဆင့်မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

စစ်တွေလေယာဉ်ကွင်းသည် ပြည်နယ်၏ မြို့တော်ကွင်းဖြစ်သည့်အတွက် A-320၊ B-737 စသည့်လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းနှင့် လေဆိပ်တိုးချဲ့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို အဆင့်လိုက် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ လေယာဉ်ကွင်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို စစ်ကောင်စီဥက္ကဋ္ဌက ဧပြီလ ၁ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ သံတွဲလေယာဉ်ကွင်းမှာလည်း ပြည်တွင်း/ပြည်ပခရီးသွားများ ဝင်ရောက်မှုများပြားသည့်အတွက် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည်အထိ မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်းနှင့် ပြည်တွင်းလေကြောင်း ပြေးဆွဲမှုကို အဆင့်မြှင့်တင်လျှင် ပြည်တွင်းခရီးသွားလာမှုကို ပို၍အထောက်အကူ ပြုစေမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“အိမ်နီးချင်းနိုင်ငံတွေမှာ ပြည်တွင်းလေကြောင်း ပြေးဆွဲမှုတွေကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိတဲ့နည်းတူ မိမိတို့နိုင်ငံမှာလည်း ပြည်တွင်းလေကြောင်း ပြေးဆွဲမှု အဆင့်မြှင့်တင်တိုးတက်စေရေး ဆောင်ရွက်သွားမယ်ဆိုရင် ပြည်တွင်းခရီးသွားလာမှုကို ပိုမိုအထောက်အကူပြုစေမှာဖြစ်တယ်”ဟု စစ်ခေါင်းဆောင်ကဆိုသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် နောင်အချိန်တွင် ဆိပ်ကမ်းစက်မှုလုပ်ငန်းများ တိုးတက်လာပြီး ကုန်သွယ်မှုများပါ မြင့်တက်လာနိုင်ခြင်းကြောင့် နိုင်ငံခြားခရီးသွားများလည်း ပိုမိုဝင်ရောက်လာနိုင်ပြီး ကုန်တင်လေယာဉ်ကြီးများပါ ဝင်ရောက်လာနိုင်သဖြင့် လေယာဉ်ပြေးလမ်းတိုးချဲ့ရာ၌ ၎င်းအတွက်လည်း မျှော်မှန်းဆောင်ရွက်သွားရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

လေယာဉ်ကွင်းများ တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်ပြေးလမ်းများကို ရေရှည်အတွက်မျှော်တွေးပြီး စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ လေယာဉ်ပြေးလမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိအောင် တည်ဆောက်ရန်လိုကြောင်း၊ လေယာဉ်ရပ်နားရန် နေရာများတည်ဆောက်ရာတွင်လည်း စနစ်တကျ တည်ဆောက်ရန်လိုကြောင်း ပြောဆိုခဲ့သည်။

လက်ရှိ လေယာဉ်ကွင်းတွင် တွေ့မြင်နေရသည့် အဆောက်အဦးများ ပြိုပျက်နေခြင်း၊ သန့်ရှင်းသပ်ရပ်မှု အားနည်းနေခြင်းတို့ကို ဂရုတစိုက်ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် လူမှုရေးတက်ကြွ လှုပ်ရှားသူတစ်ဦးကပြောသည်။

“လေယာဉ်ပြေးလမ်း တိုးချဲ့ဖို့ဆိုတာက ကောင်းတယ်။ ဒါပေမယ့် လက်ရှိ, ရှိနေတဲ့ လေယာဉ်ကွင်းရဲ့ အဆောက်အဦးတွေ ပြိုပျက်နေတာရှိတယ်။ ခရီးသည်တွေနားနေဖို့ နေရာတွေမှာ ရာသီဥတုပူရင်တောင် Air con (လေအေးပေးစက်)တွေ ပိတ်ထားတာမျိုးရှိတယ်။ ပြီးရင် လက်ရှိ လေယာဉ်ဝင်ပေါက် နှစ်ပေါက်မှာ တစ်ပေါက်တည်း ဖွင့်ထားတယ်။ နှစ်ပေါက်ရှိရင် နှစ်ပေါက်စလုံးဖွင့်ထားဖို့လိုတယ်။ အဲဒါတွေက ပိုပြီးတော့ အရေးကြီးတယ်လို့မြင်တယ်”ဟု ၎င်းကဆိုသည်။

စစ်တွေမြို့ရှိ လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း “လေယာဉ်ပြေးလမ်းနဲ့ လေဆိပ်တွေ တိုးချဲ့မယ်ဆိုတာက ကောင်းတယ်။ ဒါပေမယ့် လေယာဉ်တွေ ဒီဘက်ကိုပြေးဆွဲတာက နည်းတယ်။ တချို့လေကြောင်းလှိုင်းတွေဆိုရင် ဒေဝါလီခံသွားတယ်။ မဆွဲတော့ဘူး။ အခုဆိုရင် လေယာဉ်လေးစီးလောက်ပဲ ရှိတယ်။ သကြန်နဲ့ လေယာဉ်လက်မှတ်တွေ သိပ်ကျပ်တယ်။ လေယာဉ်ကွင်းကို တိုးချဲ့တာထက် လေကြောင်းလှိုင်းတွေလည်း ထပ်ဆွဲဖို့လိုတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်အပစ်ရပ်စဲပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရခိုင်သို့လာရောက်ကာ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန် ညွှန်ကြားလာခြင်းဖြစ်သည်။

စစ်ကောင်စီ ဥက္ကဌသည် ပြီးခဲ့သည့် ဇန်နဝါရီလက သံတွဲမြို့၊ ဖေဖော်ဝါရီလမှာ စစ်တွေနှင့် ကျောက်ဖြူမြို့၊ ယခု မတ်လမှာ စစ်တွေမြို့သို့လာရောက်ပြီး ၂၀၂၃ နှစ်ဆန်းကစပြီး တစ်လတစ်ကြိမ်ကျနှုန်းဖြင့် ရခိုင်ကို(၃)ကြိမ်အထိ လာရောက်ခဲ့သည်။

ရခိုင်ပြည်အတွင်းက အကြီးဆုံးလေဆိပ် ၂ ခုဖြစ်သည့် စစ်တွေလေဆိပ်နှင့် သံတွဲလေဆိပ်တို့ကို နိုင်ငံတကာ အဆင့်မီ လေဆိပ်များအဖြစ် တိုးချဲ့တည်ဆောက်ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တားနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်အထိ တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲနိုင်အောင် တိုးချဲ့လုပ်ဆောင်သွားမည်ဟုလည်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ မီဒီယာများကို ဖြေဆိုထားသည်။

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်းမြို့နယ်တို့တွင် ပြည်တွင်းပြေးဆွဲနေသည့် လေဆိပ်များရှိပြီး ပြည်မဘက်သို့ တိုက်ရိုက်ပျံသန်းပြေးဆွဲမှုများလည်း ရှိနေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...