နိုင်ငံမတည်ငြိမ်သည့်ကာလ ငြိမ်းချမ်းရေးဆွေးနွေးရခြင်းသည် စိန်ခေါ်မှုများစွာရှိကြောင်း PPST ပြောခွင့်ရသူပြော

နိုင်ငံမတည်ငြိမ်သည့်ကာလ ငြိမ်းချမ်းရေးဆွေးနွေးရခြင်းသည် စိန်ခေါ်မှုများစွာရှိကြောင်း PPST ပြောခွင့်ရသူပြော

လက်ရှိ နိုင်ငံမတည်ငြိမ်သည့်ကာလတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးရခြင်းသည် စိန်ခေါ်မှု များရှိကြောင်း NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်း စဥ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောဆိုသည်။

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးဗဟိုဌာန (နေပြည်တော်)၌ မတ်လ ၂၈ ရက်မှ ၂၉ရက်နေ့အထိ ပြုလုပ်သည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-EAOs) (၇)ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင် မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့ကြား အလွတ်သဘောအစည်းအဝေးနှင့်ပတ်သက်၍ ဗိုလ်မှူး ကြီး စောကျော်ညွန့်အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ပြည်သူလူထု၊ လုပ်ဖော်ကိုင်ဖက်နဲ့ နိုင်ငံရေးအင်အားစုတွေကြားထဲမှာ အမြင်မတူလို့ ကျနော် တို့ရဲ့ ဒီလိုဆွေးနွေးမှုတွေအပေါ်မှာ ရိုက်ခတ်မှုတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိတဲ့အနက် လုပ်ကိုင် ပြောဆိုရတာပါ။ ဒါပေမဲ့ အခုနိုင်ငံမှာကြုံတွေနေရတာတွေက နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတာမို့လို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကနေ အဖြေရှာနိုင်အောင် ကျနော်တို့ကြိုးပမ်း တယ်။ အခုမျှော်မှန်းတဲ့အဆင့်ကို မရောက်သေးပေမယ့် ရောက်နိုင်တဲ့လမ်းစပျိုးမှုမျိုး ရောက်အောင် ကိုယ့်မှာရှိတဲ့အခြေအနေ၊ အင်အားနဲ့ ပြည်ထောင်စုအရေးရှေးရှုပြီး ကျနော်တို့ ၇ ဖွဲ့က လုပ်ဆောင် နေတာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စည်းဝေးပွဲတွင် NCA-EAOs အဖွဲ့ဘက်မှ အားလုံးပါဝင်သော ငြိမ်းချမ်းရေးဆွေး နွေးမှုပေါ် ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အဆင့်ဆင့်၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအခြေခံမူများ၊ အရပ်သားကာကွယ်ပေးရေးနှင့်် နှစ်ဖက်ဘုံသဘောတူညီချက်များရရှိနိုင်ရန် အစရှိ သည်တို့ကို တင်ပြဆွေးနွေးခဲ့ပြီး စစ်ကောင်စီဘက်မှ ဒေသတွင်းတည်ငြိမ်ရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးတို့ကို အမြင်ချင်းဖလှယ်၍ တင်ပြဆွေးနွေးခဲ့ ကြကြောင်း NCA-EAOs အဖွဲ့၏ အစည်းအဝေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့တွေ့ဆုံဆွေးနွေးနိုင်ရန် နှစ်ဖက်စလုံး၏ အဆင်ပြေမည့်အချိန်၊ နေရာနှင့် အခြေ အနေများအား ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလကတည်းက ပြောဆိုတိုင် ပင်ခဲ့ခြင်းဖြစ်ကြောင်း PPST ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်ပြောသည်။

“မနှစ်က ဧပြီလတုန်းကလုပ်တဲ့ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က သူစီစဥ်ထားတဲ့နေရာ အချိန်နဲ့ အစီအစဥ်အရ ကျနော်တို့ အဆင်မပြေဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေ ပြောရမယ့်အခါကျတော့ တစ်ဖွဲ့ချင်းစီသွားရတာ အဆင်မပြေတာပေါ့လေ။ အဲဒါကြောင့် ၇ ဖွဲ့လုံး တစ်စုတစ်စည်းတည်းသွားချင်တယ်ဆိုပြီး ကမ်းလှမ်းမှုလုပ်တယ်။ တစ်တိုင်းပြည်လုံး အရေးနဲ့ဆိုင်တဲ့တွေ့ဆုံမှုတွေ မလုပ်ခင် ကျနော်တို့က အခုလိုမျိုး အလွတ်သဘောဆွေးနွေးပွဲ လုပ်တာပါ။” ဟု ၎င်းက ဆိုသည်။

NSPNC နှင့် NCA-EAOs ၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံသော အဆိုပါ အစည်းအဝေးပွဲတွင် NCA-EAOs ဘက်မှ အဖွဲ့ဝင်နှင့်ကိုယ်စားလှယ် စုစုပေါင်း(၁၂)ဦး တက်ရောက်ပြီး စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်(၇)ဦး တက်ရောက်ခဲ့ကြောင်း အစည်းအဝေးသတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသော NCA-EAOs (၇)ဖွဲ့တွင် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်း အရုံး/ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက် တစ်အစည်း အရုံး(LDU)နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်သည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...