အပစ်ရပ်ထားသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေ

အပစ်ရပ်ထားသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေ

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုဖြင့် အပစ်ရပ်ထားသော်လည်း ရခိုင်ပြည်ရှိမြို့နယ်အနှံ့တွင် စစ်ကောင်စီတပ်က တပ်အပြောင်းအရွှေ့များ လုပ်ဆောင်နေပြီး စစ်အင်အားတိုးချဲ့မှုများလည်း ရှိနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။

စစ်အင်အားတိုးချဲ့မှုများမှာ ယခင်ကတည်းက ခပ်စိပ်စိပ်ရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်။ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှတစ်ဆင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဘက်သို့ စစ်ကောင်စီတပ်ရေယာဉ်ဖြင့် စစ်အင်အားတိုးချဲ့မှုများ မကြာခဏရှိကြောင်း မျက်မြင်များက ပြောဆိုသည်။

“အခုရက်ပိုင်းအတွင်းမှာ ရေချမ်းပြင်ဆိပ်ကမ်းကနေ အငူမော်ကတဆင့် ဘူးသီးတောင်၊ မောင်တောသို့ နေ့တိုင်းလိုလို စစ်အင်အားတိုးချဲ့နေတာတွေကို မြင်ရတယ်။ အဓိကတော့ စားနပ်ရိက္ခာ၊ လက်နက်အင်အားတွေ ပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်သား ၈၀ လောက် စားနပ်ရိက္ခာတွေနဲ့ ရေချမ်းပြင်ကနေ ဘူးသီးတောင်ဖက်ကို တက်သွားတာတွေ့တယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ရေချမ်းပြင်ဆိပ်ကမ်းမှ ဒေသခံတစ်ဦးက ဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း စစ်သင်္ဘောတစ်စီးမှာ စစ်ကောင်စီတပ် မိသားစုဝင် ၈၀၀ ခန့်တင်ဆောင်ပြီး အငူမောင်ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း စက်လှေသမားတစ်ဦးက ပြောသည်။

“မနေ့ကဆိုရင်လည်း အငူမော်ဆိပ်ကမ်းကနေ ကျောက်ဖြူဖက်ကို လက်နက်အင်အားအပြည့်နဲ့ စစ်သင်္ဘောတစ်စီးထွက်သွားတာ ရှိတယ်။ ထွက်သွားတဲ့ သင်္ဘောမှာတော့ စစ်တပ်မိသားစုတွေလည်း ပါတယ်။ ခန့်မှန်းရသလောက် လူဦးရေ ၈၀၀ ကျော်လောက်ပါမယ်။ အဲဒီဖက်ကလာတဲ့ သင်္ဘောတွေမှာလည်း မိသားစုတွေပါတယ်။ အဓိကတော့ အပြောင်းအရွှေ့လုပ်နေတာ ဖြစ်နိုင်တယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် ပြီးခဲ့သည့် တပ်မတော်နေ့က လက်နက်ပစ်ခတ်မှုများရှိပြီး လက်ရှိမှာလည်း တောင်ကုတ်ဘက်မှ လက်နက်အင်အားရွေ့ပြောင်းမှုများရှိကြောင်း အမ်းဒေသခံတစ်ဦးက ပြောသည်။

“အခုရက်ပိုင်းမှာတော့ ပြည်မကလာတဲ့ စစ်ကားတွေတော့ မတွေ့ရဘူး။ ဒါပေမယ့် တောင်ကုတ်နဲ့ အမ်းကို စစ်အင်အားတွေ အပြောင်းအရွှေ့လုပ်နေတာတော့ နေတိုင်းတိုင်းလိုလိုရှိတယ်။ တပ်မတော်နေ့ကဆိုရင် လက်နက်စမ်းသပ်ပစ်ခတ်မှုတွေ ရှိခဲ့တယ်”ဟု အမ်းမြို့ခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီက လက်နက်အင်အားတိုးချဲ့ခြင်း၊ မိသားစုဝင်များကို အပြောင်းအရွှေ့ လုပ်ဆောင်နေမှုများမှာ  တိုက်ပွဲအတွက် ခံစစ်ကို အဓိက ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“တပ်အပြောင်းအရွှေ့တွေကတော့ သူတို့က တိုက်ပွဲဖြစ်ကတည်းက မိသားစုတွေကို ရှေ့တန်းမှာ မထားဘဲ နောက်တန်းကို ပို့တာတွေတော့ရှိတယ်။ အဓိကတော့ သူတို့(စစ်ကောင်စီ)က အန္တရာယ်ဖြစ်လာနိုင်တာကို ကာကွယ်ဖို့အတွက်၊ သူတို့ရဲ့မိသားစုတွေကို ကာကွယ်ဖို့အတွက် ဒီဟာတွေကို လုပ်လာတာဖြစ်တယ်။ အဓိကတော့ သူတို့(စစ်ကောင်စီ)က ခံစစ်ကို ဦးစားပေးလာတာကို တွေ့လာရတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက လက်နက်အင်အားတိုးချဲ့ခြင်းနှင့် တပ်အပြောင်းအရွှေ့ လုပ်ဆောင်နေကြောင်း ပြောဆိုချက်နှင့် ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ယာယီ အပစ်အခတ်ရပ်စဲထားသည့် ယခုကာလတွင် ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်က ရိက္ခာ၊ လက်နက် အင်အားဖြည့်တင်းနေသည့်အပေါ် AA က အနီးကပ်စောင့်ကြည့်နေကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG ကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ပြောဆိုထားသည်။

စစ်ကောင်စီတပ်နှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲများသည် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ကစပြီး ရပ်တန့်နေခဲ့သည်။

ပုံစာ - ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာသယ်ယူနေသည့် စစ်သင်္ဘောတစ်ဦးကို စစ်ရေးကာလအတွင်းက မြင်တွေ့ရစဉ်။ ဓာတ်ပုံ - DMG

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...