ရခိုင်တွင် တိုက်ပွဲရပ်တန့်နေသော်လည်း ညမထွက်ရအမိန့် ဆက်လက်ရှိနေဆဲ

ရခိုင်တွင် တိုက်ပွဲရပ်တန့်နေသော်လည်း ညမထွက်ရအမိန့် ဆက်လက်ရှိနေဆဲ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲရပ်တန့်နေသည်မှာ ၄ လခန့် ကြာမြင့်လာပြီဖြစ်သော်လည်း စစ်ကောင်စီက ရခိုင်ကမြို့နယ်တချို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန်နေဆဲဖြစ်သည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံ၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မြို့နယ်ထွေ/အုပ်ရုံးမှတစ်ဆင့် ၂ လတစ်ကြိမ် သက်တမ်းတိုး ထုတ်ပြန်လျက်ရှိနေသည်။

“၁၄၄ ကိုတော့ ၂ လတစ်ကြိမ် ထုတ်ပါတယ်။ ပုံမှန်ထုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးအရပဲ” ဟု မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက DMG ကိုပြောသည်။

တိုက်ပွဲရပ်တန့်နေသော်လည်း ညမထွက်ရအမိန့် ဆက်ထုတ်ပြန်နေခြင်းမှာ စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြ၍ လိုအပ်သလိုအသုံးချရန်အတွက်ဖြစ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ရှုမြင်သည်။

“တင်းတင်းကြပ်ကြပ် မဟုတ်တော့ဘူး ဆိုပေမယ့် လိုအပ်လာရင် အဲဒီအမိန့်နဲ့ကိုင်လို့ရအောင် ထုတ်ပြန်ထားအုံးမှာ။ လုံခြုံရေးအကြောင်းပြပြီး လိုသလိုအသုံးချမယ်။ ဒီအမိန့်ကိုထုတ်ပြန်ထားရင် သူတို့ဘက်က လုပ်ချင်သလိုလုပ်လို့ရတယ်။ အဲဒါကြောင့် ဒီအမိန့်ကိုတော့ ဆက်ပြီးထုတ်နေအုံးမယ် ထင်ပါတယ်”ဟု ၎င်းကပြောသည်။

ညမထွက်ရအမိန့်ကို မြို့နယ်တချို့တွင် ည ၉ နာရီအချိန်မှ နံနက် ၅ နာရီအထိသတ်မှတ်ထားပြီး တချို့မြို့နယ်များတွင် ည ၉ နာရီအချိန်မှ နံနက် ၆ နာရီအထိ အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။

စစ်ကောင်စီက ညမထွက်ရအမိန့် ဆက်လက်ထုတ်ပြန်နေသဖြင့် ဒေသခံများမှာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှုများ ရှိနေကြသည်။

ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့မှာ လူနာတွေကို ကူညီပေးရတာက နေ့ရောညရော အချိန်တိုင်းရှိတယ်။ ဒီလို ညမထွက်အမိန့် ထုတ်ပြန်ထားတော့ ဂိတ်တွေကိုဖြတ်ဖို့အတွက် အုပ်ချုပ်ရေးမှူးလက်မှတ်ယူရတယ်။ အချိန်ကြန့်ကြာမှုတွေရှိတယ်၊ စိတ်အနှောင့်အယှက်ဖြစ်ရတယ်”ဟု ပြောသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များမှ ကျေးရွာသားများမှာလည်း ဒေသထွက်ကုန် ဟင်းသီးဟင်းရွက်များ၊ အခြားသီးနှံများကို မြို့ပေါ်သို့ လာရောက်ရောင်းချရန် သွားလာနေကြရပြီး ပုဒ်မ ၁၄၄ ရှိနေသဖြင့် စိုးရိမ်စိတ်များရှိကြောင်း ပြောဆိုကြသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် မြောက်ဦးမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “အရင်လို တင်းတင်းကြပ်ကြပ် မဟုတ်တော့ဘူး ဆိုပေမယ့် စိတ်ထဲမှာတော့ လုံခြုံမှုမရှိဘူး။ မြို့ထဲမှာဆိုရင် သွားလာနေကြတယ်။ ဒါပေမယ့် ဘယ်အချိန် အဲဒီအမိန့်နဲ့ငြိစွန်းမလဲ ဆိုပြီး စိုးရိမ်နေတယ်။ တချို့ဆိုရင် ညဘက် ဖမ်းဆီးခံရတာတွေလည်းရှိတော့ ဒီအမိန့်ကို ရုပ်သိမ်းပေးစေချင်ပါတယ်”ဟု ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နှင့် ပြည်မသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများမှာလည်း ညမထွက်ရအမိန့်ကြောင့် စစ်ဆေးရေးဂိတ်များသို့ သတ်မှတ်ချိန်အတွင်း မရောက်ရှိပါက ဖြတ်ကျော်သွားလာ၍ မရသဖြင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

စစ်တွေ-မန္တလေး ပြေးဆွဲနေသည့် ကုန်တင်ကားမောင်းသူတစ်ဦးက “လမ်းခရီးမှာ ကြန့်ကြာသွားလို့ သတ်မှတ်ထားတဲ့အချိန် မရောက်လိုက်ဘူးဆိုရင် ညအိပ်လိုက်ရတယ်။ ဥပမာ အမ်းဂိတ်မှာဆိုရင် အမြဲတမ်းအိပ်ရတယ်။ မနက်အာရုံ ၆ နာရီမထိုးဘဲ သွားလာခွင့်မပြုဘူး။ စစ်တွေကအလာဆိုရင်လည်း ကျောက်တန်းဂိတ်မှာ အစောကြီး ၆ နာရီ မထိုးသေးရင် သွားခွင့်မပြုဘူး”ဟု ပြောသည်။

လက်ရှိမှာ နှစ်ဖက်လက်နက်ကိုင်တပ်များကြား နားလည်မှုနှင့်အပစ်ရပ်စဲနေပြီဖြစ်၍ တိုက်ပွဲကာလအတွင်းက ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများက လိုလားနေကြသည်။

ရခိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထုတ်ခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် ရှိ/မရှိကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမရှိပေ။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...