စစ်ရေးပဋိက္ခနှင့်ပတ်သက်ပြီး မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထား

စစ်ရေးပဋိက္ခနှင့်ပတ်သက်ပြီး မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထား

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခရှိသည့် မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့က ယနေ့ထုတ်ပြန်သော သုတေသနအစီရင်ခံစာတွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်းတွင် ၂၇ မြို့နယ်၊ မန္တလေးတိုင်းတွင် ၂ မြို့နယ်၊ မကွေးတိုင်းတွင် ၂ မြို့နယ်၊ ကရင်နီ(ကယား) ပြည်နယ်တွင် ၅ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၁ မြို့နယ်နှင့် ချင်းပြည်နယ်တွင် ၈ မြို့နယ်ကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားခြင်း ဖြစ်သည်။

“စစ်ရေးရည်ရွယ်ချက်ဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသများအား ဦးတည်၍ ဖြတ်တောက်သကဲ့သို့၊ မြို့နယ်များတွင် စစ်တပ်မှ သွားလာမှုအကန့်အသတ် ပြုလုပ်နေသဖြင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်ခြင်း၊ အခြေခံစက်သုံးဆီပြတ်လပ်ခြင်းများ ဖြစ်ပွားရခြင်း၏ နောက်ဆက်တွဲကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ရခြင်း”ဟု အစီရင်ခံစာကဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ဒေသအတွင်း ထိုးစစ်ဆင် တိုက်ခိုက်တော့မည်ဆိုလျှင် အင်တာနက်လိုင်းသာမက ဖုန်းလိုင်းများကိုပါ ဖြတ်တောက်မှုများလည်း ရှိနေကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်တို့တွင် စစ်ကောင်စီက ဖုန်းလိုင်းများကို ဖြတ်တောက်ခဲ့သည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့နယ်အတွင်း စစ်တပ်က လေယာဉ်ဖြင့်ဗုံးမကြဲခင် တစ်ရက်အလိုက ဖုန်းလိုင်းများကိုပါ ဖြတ်တောက်မှုများ ရှိခဲ့သည်။

၎င်းနည်းအတူ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ရွာများအား တိုက်ပွဲကာလအတွင်း ဖုန်းလိုင်းဖြတ်တောက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အင်တာနက်ဖြတ်တောက်ခြင်းမှာ စစ်ရေးသတင်းများကို ဒေသနေလူထုက ဆက်သွယ် သတင်းပေးမှုများအား စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်လိုသည့်အတွက် ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်သူများက ပြောသည်။

“အင်တာနက်ရှိတဲ့နေရာတွေမှာ တပ်က သတင်းလက်ဦးမှုမဲ့ပြီးတော့ အတိုက်ခံရတာပဲ။ အခုက ဖုန်းတွေက စျေးပေါပေါနဲ့ လူတိုင်းကိုင်နိုင်တယ်ဆိုတော့ အင်တာနက်ကိုမပြောနဲ့ တယ်လီဖုန်းတွေ ရှိတာကိုယ်နှိုက်က တပ်အတွက်က မလုံခြုံတော့ဘူး။ စလှုပ်ရှားတာနဲ့ သတင်းကပေါက်ပြီ။ သတင်းစီးဆင်းမှုကို အစိုးရ(စစ်ကောင်စီ)က မထိန်းချုပ်နိုင်တော့တဲ့ သဘောဖြစ်တယ်။ သတင်းကို ထိန်းချုပ်ထားနိုင်လို့ရှိရင် ကျန်တဲ့ကိစ္စတွေ လုပ်လို့လွယ်တာပေါ့။ ဝါဒဖြန်ချိရေးကိစ္စပဲဖြစ်ဖြစ်၊ သူတို့အတွက် လုပ်လို့ကိုင်လို့ လွယ်တယ်။ အင်တာနက် ဖြတ်လိုက်တဲ့အခါကျတော့ သတင်းပေးတာတွေ ဘာတွေလုပ်လို့ မရတော့ဘူးပေါ့”ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက DMG သို့ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၁၉ ခုနှစ်ကစပြီး အင်တာနက်ပိတ်ထားသည်မှာ ၄ နှစ်ကျော်ကြာမြင့်လာနေပြီလည်းဖြစ်သည်။ ထိုကြောင့် ဒေသနေပြည်သူတို့မှာ သတင်းသိပိုင်ခွင့် နောက်ကျနေကြောင်း ပြောဆိုကြသည်။

ပလက်ဝဒေသခံ ကိုဇော်သိန်းက “အင်တာနက်ပိတ်ထားတော့ သတင်းတွေမဖတ်ရဘူး။ မတူပီဖက်တွေမှာ တိုက်ပွဲဖြစ်တာတွေ ကြားတယ်။ ဒါပေမယ့် အင်တာနက်ပိတ်ထားတော့ သတင်းတွေကို မဖတ်ရဘူး။ ဖြစ်နိုင်ရင်တော့ အင်တာနက် ဖွင့်ပေးစေချင်တာပေါ့။ အခုက သတင်းအမှောင်ချထားခံရသလို ဖြစ်နေတယ်”ဟု ဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်များနှင့် ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရခိုင်က ပြည်သူများမှာ အင်တာနက်သုံးစွဲခွင့် ပြန်လည်ရရှိခဲ့သော်လည်း ပလက်ဝဒေသခံများမှာ လက်ရှိအချိန်ထိ သတင်းအမှောင်ချခံထားရဆဲ ဖြစ်သည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မြန်မာပြည်သူများမှာ ၎င်းတို့ရပိုင်ခွင့်ရှိသည့် အခြေခံအခွင့်အရေးများကိုပါ ဆုံးရှုံးနေကြရကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

“အင်တာနက် ဖြတ်တောက်ထားတာကတော့ ပြည်သူတွေရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ချိုးဖောက်တာ ဖြစ်တယ်။ ဒါတွေက အစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်တဲ့ အလုပ်မဟုတ်ဘူး။ အင်တာနက်ကိုတော့ ဖွင့်ပေးသင့်ပါတယ်”ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ဝေဖန်သည်။

အင်တာနက်ဖြတ်တောက်မှုကို စစ်တပ်က စစ်ရေး၊ နိုင်ငံရေး အားသာချက်ရရန် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ပြည်သူများမှာ စီးပွားရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက် ရရှိမှုနှင့် နေ့စဉ်ဘဝများတွင် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရကြောင်း အသံအဖွဲ့က ပြောဆိုထားသည်။

မြန်မာနိုင်ငံအတွင်းမှ မြို့နယ် ၄၅ ခုကို အင်တာနက်ဖြတ်တောက်ထားမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...