စစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံ ရခိုင်ပြည်နယ်မှ နိုင်ငံရေးပါတီ ၅ ခု မှတ်ပုံတင်ရန် အသစ်ပြန်လျှောက်ထားပြီး ပါတီ ၃ ခုမှာပြန်မတင်ခဲ့တော့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ရန် လျှောက်ထားခဲ့သည့် ပါတီများမှာ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ဦးသာထွန်းလှ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP)နှင့် မြိုတိုင်းရင်းသားပါတီတို့ ပါတီတို့ ဖြစ်ကြသည်။
ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည့် ပါတီများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ(DNDP)တို့ ဖြစ်သည်။
ပြည်ထောင်စုအဆင့်ရွေးကောက်ခံနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ကမန်အမျိုးသားတိုးတက်ရေး ပါတီအနေဖြင့် လူမျိုးစုအရေးအတွက် ပါတီဆက်လက်တည်ထောင်ချင်သော်လည်း မှတ်ပုံတင် ဥပဒေသစ်၏ ကန့်သတ်ချက်များအရ ပြည်ထောင်စုအဆင့်လောက်မဟုတ်ဘဲ ပြည်နယ်အဆင့် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန်ပင် အခက်အခဲရှိသည့်အတွက် ပါတီမှတ်ပုံမတင်ရန် ယမန်နေ့ မတ်လ ၂၇ ရက်တွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပါတီအတွင်းအရေးမှူး ဦးကျော်ငြိမ်းက ပြောသည်။
"ကျွန်တော်တို့ပါတီက ပြည်ထောင်စုအဆင့်စည်းရုံးဖို့ ဖွဲ့စည်းထားတဲ့ပါတီဆိုတော့ လက်ရှိ အနေအထားအရ ပါတီမှတ်ပုံတင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ပြည်ထောင်စုအဆင့်ဆိုတာက ငွေကြေးရယ်။ ပါတီဝင်အင်အားရယ်။ အဲလို ဥပဒေသစ်ရဲ့ ကန့်သတ်ချက်ကြောင့် အဆင်မပြေနိုင်တော့ဘူး" ဟု ပြောသည်။
ကမန်အမျိုးသားတိုးတက်ရေးပါတီကို ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄ နေရာ ဝင်ရောက်ရွေးကောက်ခံခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုအဆင့်ရွေးကောက်ခံပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှစတင်ကာ ပြည်ထောင်စုအဆင့်တွင် မဲဆန္ဒနယ် ၄ နေရာနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅ နေရာပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အလားတူ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီအနေဖြင့်လည်း မှတ်ပုံတင်ဥပဒေသစ်၏ ကန့်သတ်ချက်အရ လူအင်အား၊ ငွေကြေးအင်အားမတတ်နိုင်၍ ပါတီမှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ထားကြောင်း ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇောက ပြောသည်။
"ဥပဒေသစ်ကပါတီမှတ်ပုံတင်ပြန်တင်ဖို့ ငွေကြေးသိန်းတစ်ရာဆိုတာက ကျွန်တော်တို့အနေနဲ့ မတတ်နိုင်ဘူး။ ပါတီဝင်အင်အားတစ်ထောင်ဆိုတာလည်း အဆင်မပြေဘူး" ဟု ပြောသည်။
ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီဗဟိုရုံးမှာ ဘူးသီးတောင်မြို့တွင်ရှိပြီး ဘူးသီးတောင်၊ မောင်တောနှင့် ကျောက်တော်မြို့နယ်တို့တွင် စုစုပေါင်းပါတီဝင် ၇၀၀ ဦးသာရှိကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။
ယင်းပါတီကို ၂၀၁၅ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် ပြည်နယ်လွှတ်တော် တစ်နေရာနှင့် အမျိုးသားလွှတ်တော်တစ်နေရာ၊ မောင်တောမြို့နယ်တွင် ပြည်နယ်လွှတ်တော်တစ်နေရာ ဝင်ရောက်ရွေးကောက်ခံခဲ့သည်။
ရခိုင်မှ နောက်ထပ်ပါတီတစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီကလည်း စစ်ကောင်စီထံ ပါတီမှတ်ပုံမတင်ရန် ဖေဖော်ဝါရီလ ၂၅ ရက်ကပင် ဆုံးဖြတ်ထားသည်။
စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲမှာ ပြည်သူလူထုစိတ်ဝင်စားမှုမရှိသည့် ရွေးကောက်ပွဲဖြစ်သည့်အပြင် ALD ပါတီအနေဖြင့် အာဏာရှင်နှင့် မပူးပေါင်းရန် မူဝါဒ ချမှတ်ထားသည့်အတွက် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ALD က တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ပြီးနောက် ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် UEC က ဖိတ်ခေါ်ခဲ့သည်။
ဇန်နဝါရီ ၃၁ ရက်မှ ရက်ပေါင်း ၆၀ အတွင်း UEC ထံ ပါတီမှတ်ပုံတင်ခြင်း မရှိသည့်ပါတီများကို နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် မကြေညာသေးသော်လည်း ရခိုင်ပြည်တွင်းရွေးကောက်ပွဲအတွက် မဲရုံသတ်မှတ်ခြင်းများ၊ မဲစာရင်းထုတ်ပြန်နိုင်ရေးတို့ကို ဆောင်ရွက်နေပြီဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က နိရဥ္စရာသို့ ပြောဆိုထားသော်လည်း ရခိုင်တစ်ပြည်လုံး မဲရုံအရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပေ။



