စစ်တပ်က လူသားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ဦးကျော်မိုးထွန်းပြော

စစ်တပ်က လူသားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ဦးကျော်မိုးထွန်းပြော

အာဏာသိမ်းစစ်တပ်ရဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဟာ လူ့အခွင့် အရေးချိုးဖောက်မှု သက်သက်မဟုတ်တော့ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်ပြီး လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ သံအမတ် ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၁၆) ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ အလွတ်သဘော အစည်းအဝေးမှာ အခုလို ပြောခဲ့တာပါ။

စစ်ကောင်စီဟာ မတ်လအတွင်း စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်၊ တာတိုင်ရွာနဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် နမ်းနိန့်ရွာတို့မှာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

အာဏာသိမ်းခံထားရတဲ့ (၂) နှစ်ကျော်အတွင်း ပြည်သူတွေဟာ အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခတွေ ဟာ တခြားနေရာ ဒေသတွေမှာဖြစ်ပွားနေတဲ့ အခြေအနေတွေထက် မလျော့နည်းဘူးလို့လည်း ဆိုခဲ့ပါတယ်။

ပြည်သူတွေကို ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လက်ထဲကို လက်နက်စီးဆင်းမှု၊ လေယာဉ်ဆီ ရောင်းချမှုနဲ့ ငွေကြေးစီးဆင်းမှုတို့ ဖြတ်တောက်ပေးတာ၊ ပြည်သူတွေဆီကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ထောက်ပံ့ပေးတာ မြန်မာဒုက္ခသည်တွေ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေနဲ့ ကူညီရာမဲ့နေတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေမှာ အကာအကွယ်ပေးဖို့ကိုလည်း နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပြစ်ဒဏ်ခတ်ခံရမှုက ကင်းလွတ်နေတဲ့ စစ်တပ်ကို အရေးယူပေးဖို့နဲ့ ကြီးလေးတဲ့ နိုင်ငံတကာပြစ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံးကို အမှုတင်သွင်းဖို့နဲ့ ယာယီခုံရုံးဖွဲ့စည်းပြီး ပြစ်ဒဏ်ချမှတ်ပေးဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီက ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ် ကျူးလွန်ထားပြီး အဲဒီဖြစ်စဉ်တွေကြောင့် ပြည်သူ (၇၆၆) ဦးသေဆုံးထားတယ်လို့ NUG လူ့ အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...