ဒုံသမိတံတားပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်(၂)ခုကို KNLA ပူးပေါင်းတပ် ဒရုန်းဖြင့် တိုက်ခိုက်

ဒုံသမိတံတားပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်(၂)ခုကို KNLA ပူးပေါင်းတပ် ဒရုန်းဖြင့် တိုက်ခိုက်

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် သထုံ-ဖားအံ လမ်းဒူးရင်းဆိပ်ကျေးရွာ ဒုံသမိတံတားပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခုကို ယနေ့ မတ်လ (၁)ရက်နေ့ နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ -၁ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ တံတားပေါ်တွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် -BGFတပ်ဖွဲ့ဝင်များ၊ ထောက်လှန်ရေးနှင့် ရဲတပ်ဖွဲ့များစုပေါင်းနေထိုင်ပြီး သွားလာနေကြသည့် ယာဉ်များကို အခွန်ကောက်ခံမှုများနှင့် စစ်ဆေးမှုများ မကြာခဏလုပ်ဆောင်နေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “PDF ဒရုန်းအဖွဲ့တစ်ဖွဲ့ရယ်၊ KNLA နဲ့ပေါင်းပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်။ ဘာဖြစ်လို့တိုက် ခိုက်လဲဆိုတော့ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာက သုံးဘီးဆိုင်ကယ်ကအစ ပြည်သူတွေဆီကနေ ဆက်ကြေးကောက်တယ် ငွေညှစ်တယ်။ မြဝတီကလာတဲ့ကားတွေကိုရော BGF နဲ့ပေါင်းပြီးတော့ စစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

တံတားပေါ်ရှိ စစ်ကောင်စီ ဂိတ်၂ ခုအပြင် ထိုနေရာရှိ ခြေလျင်တပ်ရင်း (ခလရ- ၂၄) တပ်ရင်းတစ်ခုလည်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်မသိရသေးကြောင်း အဆိုပါ KNLA တပ်မဟာ(၁) တာဝန်ရှိသူက ဆိုသည်။

ထို့နောက် အဆိုပါတံတားပေါ်ရှိ ဂိတ်များ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်  စစ်ကောင်စီတပ်ဘက်မှ သထုံမြို့အနီး ထုံးဘိုလေး၊ ထုံးဘိုကြီးကျေးရွာများထဲသို့ လက်နက်ကြီးများနှင့် ပြန်လည် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟုလည်း ၎င်း KNLA တာဝန်ရှိသူက ဆက်ပြောသည်။

ဒုံသမိတံတားပေါ်ရှိ စစ်ဆေးရေးဂိတ် ၂ ခုနှင့် ခလရ ၂၄ တပ်ရင်းကို ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။

မွန်ပြည်နယ်အတွင်း ကေအဲန်ယူ သထုံခရိုင်၊ KNLA တပ်မဟာ(၁) ထိန်းချုပ်နယ်မြေနှင့် ထိစပ်သည့် နေရာအနှံ့ အပြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်မှုများကြောင့် အရပ်သားနေ အိမ်များ ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဒေသခံများထံမှ သိရသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...