ရခိုင်ရဟန်းတော် ၆ ပါး ကမ္ဘာ့ဗုဒ္ဓသာသနာပြုအဖွဲ့၏ အပြည်ပြည်ဆိုင်ရာလူမှု အကျိုးပြုဆိုင်ရာ ပရဟိတစံပြထူးချွန်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရန် ရွေးချယ်ခံရ

ရခိုင်ရဟန်းတော် ၆ ပါး ကမ္ဘာ့ဗုဒ္ဓသာသနာပြုအဖွဲ့၏ အပြည်ပြည်ဆိုင်ရာလူမှု အကျိုးပြုဆိုင်ရာ ပရဟိတစံပြထူးချွန်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရန် ရွေးချယ်ခံရ
အရှင်သဘာဝနဒီနှင့် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာဆရာတော် ဦးနန္ဒာလင်္ကာရတို့အား ဖူးတွေ့ရစဉ်။
အရှင်သဘာဝနဒီနှင့် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာဆရာတော် ဦးနန္ဒာလင်္ကာရတို့အား ဖူးတွေ့ရစဉ်။

(ချီးမြှင့်ပေးအပ်ပွဲကို လာမည့် မတ်လ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာတွင် ကျင်းပသွားမည်)

ရခိုင်ရဟန်းတော် ၆ ပါးသည် ကမ္ဘာ့ဗုဒ္ဓသာသနာပြုအဖွဲ့ကြီး၏ အပြည်ပြည်ဆိုင်ရာ လူမှုအကျိုးပြုဆိုင်ရာ ပရဟိတစံပြ ထူးချွန်ဂုဏ်ထူးဆောင်ဘွဲ့ (International Charity Icon Award)ကိုချီးမြှင့်ရန် ရွေးချယ်ခံလိုက်ရသည်ဟု သိရသည်။

ရခိုင်ရဟန်းတော် ၆ ပါးမှာ ရခိုင်စစ်ဘေးရှောင်အရေးနှင့် လူမှုကူညီရေးလုပ်ငန်းများကိုကူညီနေသည့် အရှင်သဘာဝနဒီ၊ တောင်ကုတ်မြို့နယ်မှ ခရိုင်ကျေးရွာဆရာတော် ဦးနန္ဒာလင်္ကာရနှင့် လမူးမော်ရွာ သာသနာ့ဟိတစာတီကျောင်းဆရာတော်၊ မြေပုံမြို့နယ် သင်းပုန်းချောင်းကျောင်းတိုက်မှ ဦးသုစိတ္တရ၊ စစ်တွေမြို့ ရွှေရောင်စုံစာသင်တိုက်မှ ရဟန်းတော်တစ်ပါးနှင့် သံတွဲမြို့နယ်မှ ဆရာတော်တစ်ပါးတို့ ဖြစ်သည်။

အဆိုပါဘွဲ့သည် လူမှုပရဟိတလုပ်ငန်းများကို ကိုယ်ကျိုးစွန့်၍ အစဉ်တစိုက်လုပ်ဆောင်သည့် ပုဂ္ဂိုလ်များကို အဓိကထားပေးအပ်ဆက်ကပ်သည့် ဘွဲ့ဖြစ်သည်ဟု ကမ္ဘာ့ဗုဒ္ဓသာသနာပြုအဖွဲ့မှ မြန်မာနိုင်ငံကိုယ်စားလှယ် ဩဝါဒစရိယဆရာတော်လည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သည့် မောင်ဘုန်းရှင် (ကစ္ဆပ)က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"အခုပေးအပ်မဲ့ ဘွဲ့က လူမှုအကျိုးပြု ပရဟိတလုပ်ငန်း လုပ်ကိုင်သူတွေ၊ သာသနာပြုလုပ်ငန်း လုပ်ကိုင်တဲ့ ပုဂ္ဂိုလ်တွေကို အဓိကထားပေးအပ်တာပါ" ဟု မိန့်ကြားသည်။

ယခုကဲ့သို့ လူမှုပရဟိတနှင့်စပ်လျဉ်းသည့် နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့တံဆိပ်ပေးအပ်မှုအပေါ် ပီတိဖြစ်မိပြီး နိုင်ငံတကာက အသိအမှတ်ပြုသကဲ့ မြန်မာအစိုးရကိုယ်တိုင်ကလည်း ပရဟိတလုပ်ငန်းများကို တားမြစ်ပိတ်ပင်မှုများမလုပ်ဆောင်ရန် မျှော်လင့်မိကြောင်း ဘွဲ့ချီးမြှင့်ခံရသည့် အသျှင်သဘာဝနဒီက နိရဥ္စရာကို မိန့်သည်။

" မိမိရဲ့လုပ်ဆောင်မှုအတွက် အခုလို ရခိုင်အသိုင်းအဝိုင်းကပါမက နိုင်ငံတကာကပါ အသိအမှတ်ပြုတဲ့အပေါ် ပီတိဖြစ်မိပါတယ်။ နောက်ထပ်လုပ်မယ့် အလုပ်တွေအတွက်လည်း ပိုပြီး အားရှိစေပါတယ်။ အခု အသိအမှတ်ပြုသလိုမျိူး မြန်မာအစိုးရကိုယ်တိုင်ကလည်း ပရဟိတလုပ်ငန်းတွေကို အသိအမှတ်ပြုပြီး အစိုးရနဲ့တိုင်ပင်ပြီး လုပ်ရရင် ပိုပြီးထိရောက်မယ်လို့လည်း မြင်ပါတယ်" ဟု မိန့်သည်။

အဆိုပါရခိုင် ရဟန်းတော် ၆ ပါးအနက် အသျှင်သဘာဝနဒီသည် ရခိုင်ပြည်နယ်အတွင်း လူမှုရေးလှုပ်ရှားဆောင်ရွက်ခဲ့မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ရခိုင့်တံခွန်ဆုကိုလည်း ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင်ကျရောက်ခဲ့သော ရခိုင်ပြည်နယ်နေ့တွင် ဆက်ကပ်ခံခဲ့ရသူဖြစ်သည်။

အခြား ရခိုင်ရဟန်းတော် ၅ ပါးသည်လည်း အသျှင်သဘာဝနဒီကဲ့သို့ ရခိုင်လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံလှုပ်ရှားဆောင်ရွက်နေကြသူများဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ပေးအပ်ပွဲကို လာမည့် မတ်လ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာတွင် ကျင်းပသွားမည်ဖြစ်သည်။

ယင်းအခမ်းအနားသို့ ရခိုင်ရဟန်းတော် ၆ ပါးအပြင် မြန်မာနိုင်ငံဒေသအသီးမှ လူမှုပရဟိတ လုပ်ကိုင်သည့် ရဟန်းတော်များလည်း အဆိုပါဘွဲ့ကို တက်ရောက် လက်ခံရယူကြမည်ဖြစ်ကြောင်း သိရသည်။

Most read this week

စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...